ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ဆေးဝါးမှာယူရမှုခက်ခဲလာ၍ ရခိုင်တွင်ဆေးဝါးများပြတ်တောက်မှု ရှိလာနိုင်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 9.4k


နိရဥ္စရာ၊ ဇူလိုင် ၂၃/ ၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အပါအဝင် မြို့နယ်တိုင်းရှိ ဆေးဆိုင်များတွင် အခြေခံ အိမ်သုံးဆေးဝါးများ အပါအဝင် တခြားဆေးဝါးများကို ရန်ကုန်၊ မန္တလေးတို့မှ မှာယူရမှုခက်ခဲလာ၍ ဆေးဝါးများ ပြတ်တောက်မှုများ ရှိလာနိုင်သည်ဟု ဆေးအရောင်းဆိုင်များမှသိရသည်။
ရန်ကုန်တွင် ဇူလိုင် ၁၉ ရက်နောက်ပိုင်းမှစတင်ကာ ဆေးဝါးစျေးနှုန်းများသည် ၁ဝ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်းအထိ မြင့်တက်လာနေ၍ ဆေးကုမ္ပဏီများက အရောင်းပိတ်ထားခြင်းများရှိလာနေသည်ဟု သိရသည်။
ယင်းသို့ ဆေးကုမ္ပဏီများပိတ်ထား၍ ရခိုင်ရှိဆေးဆိုင်များသည်လည်း ဆေးဝါးများ မှာယူရသည်မှာ အခက်အခဲရှိလာနေသည့်အတွက် ဆေးဝါး စျေးနှုန်းများမြင့်တက်ကာ ဆေးဝါးပြတ်တောက်နိုင်သည့် အခြေအနေအထိပင် ရှိလာနိုင်သည်ဟု ဆေးအရောင်းဆိုင်များက ပြောသည်။
စစ်တွေရှိ စိန်ဆေးဆိုင်မှ ဝန်ထမ်းတစ်ဦးက "ဆေးတွေက စျေးတက်တာတော့ ရှိတယ်။ ဒါပေမဲ့ ဒီစိန်ဆေးဆိုင်မှာတော့ ပုံမှန်စျေးနှုန်းပါပဲ။ ကုမ္ပဏီတွေ အရောင်းတက်ရင်တော့ စျေးတက်ဖို့ အခြေအနေရှိတယ်။ တစ်ချို့ ကုမ္ပဏီတွေကတော့ အရောင်းလုံးဝပိတ်ထားတယ်" ဟု ပြောသည်။
လက်ရှိ ရခိုင်မှဆေးဆိုင်ကြီးများ၌ ယခင်က ဝယ်ယူထားသည့် ဆေးဝါးများ ကျန်ရှိနေသေးသည့်အတွက် ပုံမှန်စျေးနှုန်းအတိုင်း ရောင်းချနေကြသော်လည်း အချို့ဆေးဆိုင်ငယ်များတွင် စျေးတင်ရောင်းချနေကြပြီဟု သိရသည်။
စစ်တွေမှ ဆေးဆိုင်ရောင်းသည့် အမျိုးသမီးတစ်ဦးက "လက်လီဆိုင်တွေ အနေနဲ့ ဆေးဆိုင်ကြီးတွေဆီကနေ ဝယ်ယူရတယ်။ ဆေးတွေစျေးတက်တော့ ဝယ်လို့လည်း မရဘူး။ ရောင်းချရလည်း စျေးတင်တောင်းရတဲ့ အခက်အခဲတွေ ရှိတယ်။ အရင်ကမှာယူထားတဲ့ ဆေးတွေရှိလို့တော့ တော်သေးတယ်" ဟု ပြောသည်။
အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို ဗဟိုဘဏ်က ၁၈၅၀ ကျပ် သတ်မှတ် ထားသော်လည်း ပြင်ပပေါက်ဈေးသည် ၂၄၆၀ထိရှိကာ သတ်မှတ်ဈေးနှုန်းထက် ကျပ် ၆၀၀ ခန့် ကွာဟနေ၍ ဆေးကုမ္ပဏီများအနေဖြင့် ဆေးဝါးပစ္စည်းများကို ပြည်ပမှ မှာယူတင်သွင်းနိုင်ရန် အခက်အခဲများရှိနေကြသည်ဟုလည်း သိရသည်။
ဆေးကုမ္ပဏီများအနေဖြင့် ဆေးဝါးများကို ပြည်ပမှ မှာယူတင်သွင်း မဖြန့်ဖြူး နိုင်ပါက ဆေးဝါးစျေးကွက် အတွင်း ဆေးဝါးများ ပြတ်လပ်ကာ ဆေးကုမ္ပဏီများနှင့် ဆေးဆိုင်များကို ပိတ်ထားရမည့် အခြေအနေသို့ ရောက်သွားနိုင်သည်ဟုလည်း ဆေးဆိုင်ပိုင်ရှင်များက ပြောသည်။
လက်ရှိ ရန်ကုန်တွင်လည်း ဆေးဆိုင် သုံးပုံတပုံလောက်ပိတ်ထားကြပြီး ကျန်သည့် ဆေးဆိုင်များမှာလည်း မြန်မာဆေးရောင်းသည့်ဆိုင်များနှင့် ဘင်္ဂလားဒေရှ့် ဘက်က ဝင်လာသည့် ဆေးများကိုရောင်းသည့် ဆိုင်များသာ ဖွင့်လှစ် ရောင်းချနေကြသည်ဟု ဧရာ၀တီသတင်းတွင် ဆေးဆိုင်ရောင်းသူ တစ်ဦးကို ကိုးကားပြီး ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ဆေးဝါးဈေးကွက်ရှိ ၈၅ ရာခိုင်နှုန်းမှာ ပြည်ပမှ တင်သွင်းရခြင်း ဖြစ်ပြီး ကျန် ၁၅ ရာခိုင်နှုန်းမှာ ပြည်တွင်းထုတ်ကုန် များဖြစ်ကြောင်း၊ အများစုမှာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းပြီး ဩစတေးလျ စသည့် အနောက်နိုင်ငံများကလည်း တင်သွင်းကြောင်း ၎င်းသတင်းကဆိုသည်။

ဆက်စပ် သတင်းများ