စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

မင်းပြားမြို့နယ်မှ မူဆလင်ကျေးရွာတစ်ရွာတွင် ဝမ်းရောဂါဖြစ်၍ ၃ ရက်အတွင်းကလေးငယ် ၆ ဦးသေဆုံး၊ လူ ၂ဝဝ နီးပါး မကျန်းမာဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 1.6k

ချစ်အိလှိုင်

နိရဉ္စရာ၊ မေ ၃ဝ/ ၂ဝ၂၁

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ နဂရာအုပ်စု၊ ပေါက်တောမူဆလင်ကျေးရွာတွင် ယခု မေလ၂၆ ရက်နေ့မှ ၂၉ ရက်အထိ သုံးရက်အတွင်း ဝမ်းရောဂါဖြစ်၍ ကလေးငယ် ၆ ဦးသေဆုံးကာ လူ ၂ဝဝ ခန့် ကျန်းမာရေးထိခိုက်ခံစားနေသည်ဟု သတင်းရရှိသည်။

၄င်းသေဆုံးသည့်ကလေးငယ်များမှာ ၁ နှစ်အောက်ကလေးငယ်များဖြစ်ကာ ရေနှင့် မသန့်ရှင်းသည့် အစားအသောက်များကြောင့် သေဆုံးခြင်းဖြစ်သည်ဟု နဂရာကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကပြောသည်။

ကလေးတွေက အကုန်လုံးလသားတွေချည်းပဲ။ နာမကျန်းဖြစ်တဲ့လူတွေကို မြောင်းဘွေဆေးရုံကို ပို့ထားတယ်။ မူဆလင်ကလေးတွေပါ။ ရေကန်တွေက ကျွဲ၊ နွားတွေဝင်တယ်။ အဲဒါတွေကို သောက်သုံးကြတယ်။ ပြီးတော့ နေပူရတဲ့အထဲ ဒီရာသီက သရက်သီးမှည့်ချိန်ဆိုတော့ သရက်သီးတွေ စားတာလည်းပါမှာပေါ့။ သုံးရက်အတွင်းမှာ သေတာပါ။ အခု လူ၂ဝဝ လောက်ဝမ်းရောဂါ ဖြစ်နေကြတယ်။ သက်ဆိုင်ရာက လာရောက်စစ်ဆေးနေပါတယ်ဟုသူကပြောသည်။

မင်းပြားမြို့ဆေးရုံအုပ်ဒေါက်တာနေဝင်းထွန်းကလည်း အဆိုပါကိစ္စမှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

သူတို့ဖြစ်ပွားတာတော့ ၂၆ ရက်နေ့ကတည်းကဖြစ်တယ်လို့ပြောတယ်။ ဆရာတို့ ကျန်းမာရေးဌာနကတော့ ၂၈ ရက်နေ့ ညနေပိုင်းမှ သိရတယ်။သူတို့ဆေးခန်းလာပြမှ သိရတာ။ မနေ့ကထိတော့ နေမကောင်းဖြစ်နေတဲ့လူက ဆရာတို့သိရသလောက်စာရင်းက စုစုပေါင်း ၁ဝဝ ကျော်လောက်ဖြစ်နေတယ်။ ပြင်းထန်လို့ဆေးရုံတက်နေတာက ၈ ယောက်ရှိတယ်။ အဲဒီထဲက သုံးယောက်ကတော့ သက်သာလို့ ဆေးရုံကဆင်းသွားကြပြီ။ကျန်တဲ့ ငါးယောက်က ကျန်သေးတယ်။ မြောင်းဘွေဆေးရုံမှာပါဟုပြောသည်။

မင်းပြားမြို့နယ် မှ လူမှုရေးလှုပ်ရှားသူလည်းဖြစ်  7- Waddy သောက်ရေသန့်စက်ရုံပိုင်ရှင် ကိုအမ်းသားကြီးက ၄င်းတို့အနေဖြင့် ပြည်နယ် ပစက ကောင်စီဝင် ဦးသန်းထွန်း၏ မေတ္တာရပ်ခံ၊ သတင်းပေးချက်အရသိရှိရကာ အဆိုပါကျေးရွာသို့ သောက်သုံးရေလှူရန် သွားရောက်နေကြောင်း ပြောသည်။

ဆရာသန်းထွန်းကမနေ့က အစ်ကို့ကို ပြောလာတယ်။ လူသားချင်းစာနာ ထောက်ထားရမယ့် ကိစ္စဆိုတော့ အစ်ကိုတို့လည်း လက်ခံလိုက်တယ်။ ရေသွားလှူဖို့အခုထွက်လာနေကြပါပြီ။ စက်လှေပေါ်မှာ ဆန့်သလောက်တင်လာခဲ့တယ်။ နောက်ထပ်သွားသယ်ပြီးလှူမှာပါ။ ကျန်းမာရေးဌာနကလည်း ရောက်နေကြပြီလို့သိရတယ်ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်နယ် ပစက ကောင်စီအဖွဲ့ဝင်အမှတ်(၃) ဦးသန်းထွန်းကလည်း ကျန်းမာရေးဌာနဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းပြောသည်။

 အဆိုပါ နဂရာကျေးရွာအုပ်စု ပေါက်တောမူဆလင်ကျေးရွာတွင်  လူဦးရေ ၄ ထောင်ကျော် နေထိုင်ကြောင်းသိရသည်။

ဆက်စပ် သတင်းများ