ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်တွင် တစ်ခုတည်းသာရှိသည့် ကျောက်ကပ်သွေးသန့်စင်ဌာန၌ ဆေးကုသမှုခံယူနေသူ ၁ဝ ဦး ငွေကြေးအခက်ခဲဖြစ်ပေါ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7k

သန္တာကျော်ဇော
နိရဥ္စရာ၊ စက်တင်ဘာ ၁/၂၀၂၁
ရခိုင်ပြည်နယ်တွင် တစ်ခုတည်းသာရှိသည့် ကျောက်ကပ်သွေးသန့်စင်ဌာန၌ ကုသမှုခံယူနေသူများအနက် ဝေဒနာရှင် ၁ဝ ဦးတွင် ငွေကြေးအခက်ခဲများဖြစ်ပေါ်နေသည်ဟု သတင်းရရှိသည်။
အဆိုပါ ကျောက်ကပ်သွေးသန့်စင်ဌာနသည် ရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့ရှိ ရွှေကရုဏာစေတနာဆေးခန်းတွင်သာရှိပြီး ယင်းဌာနရှိ ကျောက်ကပ်ဝေဒနာရှင် ၁၉ ဦးကို ကုန်ကျငွေ ၃ ဆခန့်လျှော့ချ၍ လူတစ်ဦးစီလျှင် ၃၅,၀၀၀ ကျပ်နှင့်ကုသပေးနေခြင်းဖြစ်သည်။
အဆိုပါကျောက်ကပ်သွေးသန့်စင်နေရသည့်လူနာများမှာ တစ်လလျှင် ၈ ကြိမ်အထိ ကျောက်ကပ်သွေးသန့်စင်နေရသည့်အတွက် ငွေကြေးမတတ်နိုင်၍ ကျောက်ကပ်သွေးသန့်စင်ရန် ပုံမှန် မလာရောက်နိုင်ဘဲ အသက်သေဆုံးသည်အထိရှိခဲ့သည်ဟုလည်း အဆိုပါဌာနမှ သူနာပြုတာဝန်ခံ ဒေါ်သန်းရွှေက ပြောသည်။
“အရင်ကဆို ဒီလိုမျိုးငွေကြေးမတတ်နိုင်လို့ ထပ်ပြီးမကုသတော့ဘဲ သေဆုံးသွားခဲ့ရတဲ့ ဝေဒနာရှင်နှစ်ယောက်လည်း ရှိခဲ့တယ်။ အလှူရှင်တွေကလည်း တစ်ကြိမ်လောက်ပဲ အများဆုံး အလှူပေးတာများတယ်။ ဒီမှာက တစ်ပတ်မှာတောင် ၂ ကြိမ်သန့်စင်ကုသနေရတာဆိုတော့ ကုန်ကျငွေတွေကများသလို နေစရိတ်စားစရိတ်ကလည်း ရှိသေးတော့ အိမ်တွေယာတွေကို ရောင်းပြီး လာကုနေကြတဲ့သူတွေတောင် ရှိတယ်။” ဟုပြောသည်။
ကျောက်ကပ်သွေးသန့်စင်ရန်လာရောက်ကြသောလူနာများမှာ သွေးတိုး၊ ဆီးချိုနှင့် သွေးလေးဖက်နာရှိသူတို့ဖြစ်ပြီး တစ်နယ်တစ်ကျေးမှလာရောက်၍ ငွေကြေးဆင်းရဲကျပ်တည်းစွာ ကုသနေကြရသည့်အတွက် အလှူရှင်များလည်း လိုနေသည်ဟု ကျောက်ကပ်ဝေဒနာရှင်များက ပြောသည်။
ရသေ့တောင်မြို့နယ်မှ ကျောက်ကပ်ဝေဒနာရှင် ကိုကျော်နိုင်က “အရင်တုန်းက ဒီမှာလာပြီးမကုသခင် ကျွန်တော့်ရောဂါအခြေအနေက အရမ်းဆိုးရွားခဲ့တယ်။ ရွာကအမျိုးတွေက ဒီမှာသန့်စင်ကုသပေးနေတဲ့ အကြောင်းကို စုံစမ်းပြီး ဒီမှာလာကုနေတာပါ။ ကျွန်တော့်မှာတော့ ငွေရေးကြေးရေးအခက်အခဲတွေကြောင့် ရွာက ယာတွေ၊ မြေတွေကို ရောင်းချပြီး ဒီမှာလာကုနေတာပါ။”ဟု ပြောသည်။
စစ်တွေမြို့ ရွေကရုဏာဖောင်ဒေးရှင်းဆေးပေးခန်းရှိ ကျောက်ကပ်သွေးသန့်စင်ဌာနကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင်စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဖွင့်လှစ်ခဲ့ချိန်မှာ ယခုနှစ်၊ သြဂုတ်လအထိ ကျောက်ကပ်သွေးသန့်စင်အကြိမ််ပေါင်း ၂၀၀၄ ကြိမ်ကုသမှုပေးခဲ့ပြီဟုလည်း သိရသည်။
ထိုကျောက်ကပ်သွေးသန့်စင်ဌာနကို သူနာပြုတာဝန်ခံ ၁ ဦးနှင့် လက်ထောက်သူနာပြု ၉ ဦးတို့ဖြင့် လည်ပတ်နေခြင်းဖြစ်သည်။
အလှူရှင်များ၏လှူဒါန်းငွေများဖြင့်ဝယ်ယူထားသည့် ဂျာမဏီစက် ၅ လုံးနှင့် ဂျပန်စက် ၂ လုံးတို့ဖြင့် ကျောက်ကပ်ဝေဒနာရှင်များကို ကုသပေးနေခြင်းလည်း ဖြစ်သည်။
ဂျာမဏီစက် ၁ လုံးလျှင် ကျပ်သိန်း ၁ရဝ တန်ဖိုးရှိပြီး ဂျပန်စက် ၁ လုံးလျှင် ကျပ်သိန်း ၁၃ဝ တန်ဖိုးရှိသည်ဟုလည်း သိရသည်။
စစ်တွေတွင် ယခုကဲ့သို့ ကျောက်ကပ်သွေးသန့်စင်ဌာနမရှိခဲ့စဉ်က ရခိုင်မှ ကျောက်ကပ်သွေးသန့်စင်ရန်လိုအပ်သည့်ဝေဒနာရှင်များအနေဖြင့် ရန်ကုန်နှင့် အခြားမြို့ကြီးများသို့ ငွေကြေးအမြောက်အများ အကုန်အကျခံ၍ သွားရောက်ကုသနေခဲ့ရသည်ဟုလည်း သိရသည်။

ဆက်စပ် သတင်းများ