ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

မင်းပြား ခုတင် ၅၀ ဆံ့ဆေးရုံကို ခုတင် ၁၀၀ ဆံ့ဆေးရုံအဖြစ်သတ်မှတ်ပေးရန် ဒေသခံများလိုလားနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 751

သဥ္ဇာနွယ်
နိရဥ္စရာ၊ အောက်တိုဘာ ၁ / ၂၀၂၁
ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ ခုတင် ၅ဝ ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆရာဝန်နှင့် ဆေးဘက်ဆိုင်ရာကိရိယာများလုံလောက်မှုမရှိ၍ဟုဆိုကာ ခုတင် ၁ဝဝ ဆံ့ဆေးရုံအဖြစ်သတ်မှတ်ပေးရန် ဒေသခံများက လိုလားနေကြကြောင်း သတင်းရရှိသည်။
မင်းပြားမြို့ ပြည်တော်သာရပ်ကွက်၊ စွန်ရဲလမ်းရှိ ခုတင် ၅၀ ဆံ့ မြို့နယ်ဆေးရုံကို မင်းပြားမြို့နယ်မှ လူဦးရေ ၂ သိန်းကျော်အပါအဝင် အမ်း၊ မြေပုံ၊ ပေါက်တော၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်းစသည့် မြို့နယ် (၅)ခုမှ လူဦးရေ ၂ သိန်းခန့်တို့က အားထားနေရကြောင်း သိရသည်။
လူဦးရေအများအပြား ဆေးကုသမှုလာရောက်ခံယူနေရသောကြောင့် ဆေးဘက်ဆိုင်ရာကိရိယာများ၊ ကုသမှုအဆောင်များနှင့် ဆရာဝန်များမလုံလောက်ဖြစ်နေသည့်အတွက် ယခုကဲ့သို့ ခုတင် ၁ဝဝ ဆံ့ဆေးရုံအဖြစ်သတ်မှတ်ပေးရန် တောင်းဆိုနေရခြင်းဖြစ်သည်ဟု မင်းပြားမြို့မိ၊ မြို့ဖတစ်ဦးဖြစ်သူ ဦးစိုးမင်းက နိရဥ္စရာကို ပြောသည်။
“ကျနော်တို့မင်းပြားမြို့မှာ လူဦးရေထူထပ်တယ်။ ဒီဆေးရုံကိုပဲ မြို့နယ်တွေက လာပြကြတယ်။ လာပြကြတဲ့အခါ ဆရာဝန်တွေမလုံလောက်တာ၊ ဆေးကုသမှုခံရမဲ့အဆောင်တွေ မလုံလောက်ဘူး။ ဆေးကိရိယာတွေလိုအပ်တယ်”ဟု ပြောသည်။
လက်ရှိ မင်းပြားမြို့နယ်ပြည်သူ့ဆေးရုံကို ခုတင် ၁၀၀ ဆံ့ဆေးရုံအဖြစ်ရရှိနိုင်ရေးတောင်းဆိုရန် ပြီးခဲ့သည့်စက်တင်ဘာလ ၂၈ ရက်က မင်းပြားမြို့မိ၊ မြို့ဖများစုပေါင်း၍ မင်းပြားခုတင် ၁၀၀ ဆံ့ဆေးရုံရရှိရေးကော်မတီတစ်ခုကို ယာယီဖွဲ့စည်းထားသည်ဟုလည်း သိရသည်။
ယင်းယာယီကော်မတီက အောက်တိုဘာ ၅ ရက်တွင်အစည်းအဝေးတစ်ခုပြုလုပ်ကာ ပါရဂူ၊ အထူးကု၊ သားဖွားမီးယပ်အထူးကု၊ ကလေးအထူးကု၊ အရိုးအထူးကုနှင့် အဆင့်မြင့်ကုသရေးကိရိယာများစသဖြင့်ပါဝင်သည့် ခုတင် ၁ဝဝ ဆံ့ဆေးရုံအဖြစ်ချပေးရန် အစိုးရနှင့် ဌာနဆိုင်ရာများထံ တရားဝင်တောင်းဆိုသွားမည်ဟုလည်း မြို့မိမြို့ဖ ဦးစိုးမင်းက ပြောသည်။
“မရရအောင် တောင်းဆိုမှာပါ။ တကယ်လိုရခဲ့ရင် ဆေးလာကုသူတွေအတွက် အရမ်းအဆင်ပြေသွားမယ်”ဟု ပြောသည်။
မင်းပြားမြို့တွင် ခုတင် ၁၀၀ ဆံ့ဆေးရုံရရှိမည်ဆိုပါက မြို့သူမြို့သားများနှင့် နယ်မှဆေးလာကုသူများအတွက် အလွန်အကျိုးကျေးဇူးများရှိလာမည်ဟု မင်းပြားမြို့ခံ ကိုစိုးနိုင်က ပြောသည်။
“ဆေးရုံသာဆောက်နိုင်မယ်ဆိုရင် အဆင့်မြင့်တဲ့ဆေးကိရိယာတွေ၊ ကုသဆောင်တွေ၊ ဆရာဝန်ကြီးတွေ ရလာမယ်ဆိုတော့ အရမ်းကောင်းပါတယ်။ ခုလက်ရှိဆေးရုံက ဆရာဝန်ကြီးတွေသိပ်မရှိတော့ အချိန်မီမကုသနိုင်ခဲ့တာမျိုးရှိတယ်။ ဆရာဝန်နည်းတော့ ကုသရတာလိုက်မမီဘူး”ဟု ပြောသည်။
လက်ရှိ ခုတင် ၅၀ ဆံ့ မင်းပြားမြို့နယ်ပြည်သူ့ဆေးရုံတွင် အထွေထွေရောဂါကုဆရာဝန် ၁ ဦး၊ လက်ထောက်ဆရာဝန်တစ်ဦးနှင့် သူနာပြုများသာရှိကြောင်း သိရသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်အား ယနေ့ စက်တင်ဘာ ၁ ရက် ညနေ ၆ နာရီခွဲခန့်က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

ဆက်စပ် သတင်းများ