ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

၅ နှစ်ခန့်ကြာဖွင့်လှစ်နိုင်ခြင်းမရှိခဲ့သည့် ကျောက်ဖြူ မရဇိုင်းကျွန်းတိုက်နယ်ဆေးရုံကို စတင်ဖွင့်လှစ်၊ ဆေးရုံအတွင်း လျှပ်စစ်မီးမရရှိသေး၍ အခက်တွေ့နေသေးဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 8.8k


နိရဥ္စရာ၊ ဇွန် ၁၃/ ၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မရဇိုင်းကျွန်း အမှတ်(၈)၊ မင်းဂံကျေးရွာ(ခေါ်) လှံပျောက်ကျေးရွာရှိ တိုက်နယ်ဆေးရုံကို ယမန်နေ့ ဇွန်လ ၁၂ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က အခမ်းအနားဖြင့် စတင်ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။
ဆေးရုံဖွင့်ပွဲအခမ်းအနားကို သံဃာတော်များနှင့်တကွ မင်းဂံကျေးရွာရှိ ရပ်မိ၊ ရပ်ဖများ၊ အနီးအနားရှိရွာများမှ လူကြီးသူမများနှင့် သက်ဆိုင်ရာဌာအသီးသီးမှ တာဝန်ရှိလူကြီးများအပါအဝင် လူဦးရေစုစုပေါင်း ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
ဆေးရုံကိုဆောက်လုပ်ထားသည်မှာ ၅ နှစ်ခန့်ကြာပြီဖြစ်သော်လည်း မဖွင့်လှစ်နိုင်ဘဲ သည်အတိုင်းပစ်ထားခဲ့ရ၍ ဆေးရုံဖွင့်လှစ်သည့်အခါ ဆေးရုံအတွက်လိုအပ်ချက်များရှိနေသေးသည်ဟုလည်း အဆိုပါတိုက်နယ်ဆေးရုံဆရာဝန် ဒေါက်တာအောင်ထွန်းမြင့်က နိရဥ္စရာကိုပြောသည်။
“အဓိကလိုအပ်ချက်ကတော့ မီးပဲ။ မီးရရင်တော့ အကုန်အဆင်ပြေမယ်။ ဆေးရုံကဆောက်ထားတာကြာပြီဆိုတော့ တည်ဆောက်မှုပိုင်းတွေမှာ လိုအပ်ချက်တွေ နည်းနည်းရှိနေသေးတယ်။ ဆေးဗီရိုတွေ။ စာရေးစားပွဲတွေရယ်။ လူနာတွေအတွက် အသုံးပြုဖို့ ခုံတွေလည်းလိုသေးတယ်” ဟုပြောသည်၊၊
ဆေးရုံတွင် လျှပ်စစ်မီးရရှိနိုင်ရန် အထက်လူကြီးများကို တင်ပြဖို့လုပ်နေကြသည်ဟုလည်း မင်းဂံကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ကျေးရွာသားတစ်ဦးလည်းဖြစ်သည့် ဦးတင်ဝင်းက နိရ ဉ္စရာကိုပြောသည်။
"မီးက အရေးတကြီးလိုအပ်နေတယ်။ ဖျားနာတဲ့လူတွေအတွက် ပြဿနာမဟုတ်ပေမဲ့ ခွဲစိတ်လူနာတွေအတွက် အဓိကမရှိမဖြစ်အရေးပေါ်လိုအပ်တယ်။ ကျွန်တော်တို့က အထက်ကလူကြီးတွေကို တင်ပြဖို့ လုပ်နေကြတယ်။ သူတို့က လုပ်ပေးဖို့ မလုပ်ပေးဖို့ကိုတော့ မသိဘူး" ဟု ပြောသည်။
အဆိုပါတိုက်နယ်ဆေးရုံသည် ခုတင် (၅၀) ဆံ့ တိုက်နယ်ဆေးရုံတစ်ခုဖြစ်ပြီး လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်မှ ကျပ်သိန်းပေါင်း ၆ ထောင်ကျော်အကုန်ချခံကာ မရဇိုင်းကျွန်းနှင့် မြို့ချောင်းကျွန်းကျေးရွာအုပ်စုနှစ်စု(ကျေးရွာပေါင်း ၆၀)အတွက် အစိုးရက တည်ဆောက်ပေးခြင်းဖြစ်သည်ဟုလည်း သိရသည်။
၂၀၁၈ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သော်လည်း ဆေးရုံ၌ တာဝန်ထမ်းဆောင်မည့် ဆရာဝန်၊ သူနာပြုများနှင့် သူနာပြုအကူများက အလုပ်မလျှောက်ခြင်းကြောင့် ၅ နှစ်လုံးလုံးဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ဘဲ ပိတ်ထားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်မတ်လကုန်ခါနီးမှ တာဝန်ကျလာသည့် ဒေါက်တာအောင်ထွန်မြင့်ကဦးဆောင်ပြီး ယခုကဲ့သို့ဖွင့်လှစ်နိုင်ရန် ကြိုးစားလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
မင်းဂံကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ဝင်းက “အရင်တုန်းကဆို ကျောက်ဖြူမြို့ ဆေးရုံကိုသွားရတယ်။ ၅ မိုင်လောက်ဝေးတယ်။ ရေလမ်းခရီးပေါ့။ ကိုယ်ဝန်ဆောင်တွေနဲ့ အရေးကြီးလူနာတွေအတွက် အသက်ဆုံးရှုံးမှုတွေလည်း ရှိခဲ့တယ်။ အခုဆေးရုံဖွင့်ပြီဆိုတော့ အရမ်း ဝမ်းသာပါတယ်”ဟု ပြောသည်။
ယင်းဆေးရုံ၌ ယခုအချိန်တွင် ဆရာဝန် ၁ ဦး၊ အကြီးတန်းသူနာပြု ၂ ဦး၊ သူနာပြုအကူ ၃ ဦးနှင့် အထွေထွေအလုပ်သမား ၄ ဦး၊ စုစုပေါင်း ၁၀ ဦးရှိသည်ဟုလည်း သိရသည်။ (NN-12)
ဓာတ်ပုံ - ဒေါက်တာအောင်ထွန်းမြင့်

ဆက်စပ် သတင်းများ