စနေ၊ စက်တင်ဘာလ ၁၄ရက်၊ ၂၀၂၄

လက်နက်မချလျှင်တိုက်မည်ဟု အကြောင်းကြားပြီးနောက် ကျောက်တော်မြို့နယ် အပေါက်ဝရဲစခန်းတစ်ခုလုံး AA ထံ လက်နက်ချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 7.5k

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊  အပေါက်ဝရဲစခန်းမှ စခန်းမှူးအပါအဝင် ရဲစခန်းတစ်ခုလုံးသည် ယနေ့နံနက် ၁၁ နာရီခွဲကျော်ခန့်က ရက္ခိုင့်တပ်တော်(အေအေ)ထံသို့ လက်နက်အပြည့်အစုံဖြင့် လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်က ပြောသည်။

 

အဆိုပါ အပေါက်ဝရဲခစန်းကို ရက္ခိုင့်တပ်တော်(AA )က လက်နက်ချလျှင်ချ မချလျှင် တိုက်မည်ဟု ပြောကြားခဲ့ရာ အပေါက်ဝရဲစခန်းတစ်ခုလုံးမှ ရဲ တပ်ဖွဲ့ ၂၆ ဦးသည်  လက်နက်ခဲယမ်းများအပ်ကာ အေအေထံသို့ အလင်းဝင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

 

"စခန်းက တစ်ခါတည်းတန်းထွက်လာပြီးတော့ အေအေဆီမှာလက်နက်အပ်တယ်။ စခန်းက မိသားစုဝင်တွေရော အကုန်လုံးပါသွားတယ်" ဟု မျက်မြင် ဒေသခံတစ်ဦးက ပြောသည်။

 

နောက်ထပ် အပေါက်ဝဒေသခံတစ်ဦးကလည်း " အေအေကအကုန်လုံးကို တင်ခေါ်သွားပြီ။ အပစ်အခတ်တွေ ဘာတွေလည်း မရှိခဲ့ဘူး။ အေးဆေးပဲခေါ်ယူသွားပြီ" ဟုပြောသည်။

 

၎င်းအပေါက်၀စခန်းသည် ကျောက်တော်မြို့နယ်တောင်ပိုင်း ၁၀ မိုင်ခန့်အကွာ ရန်ကုန်- စစ်တွေ ကားလမ်းပေါ်တွင် တည်ရှိသည်။ NN-8

ဆက်စပ် သတင်းများ