အင်္ဂါ၊ မေလ ၂၈ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် စစ်ကောင်စီတပ်က ထောင်ထားသည့် မြေမြုပ်မိုင်းများအား ရက္ခိုင့်တပ်တော်က လိုက်လံရှင်းလင်း


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၁၁ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.8k

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် အရပ်သားပြည်သူများ သွားလာ လှုပ်ရှားရာနေရာများ၌ စစ်ကောင်စီတပ်က ထောင်ခဲ့သည့် မိုင်းများအား ရက္ခိုင့်တပ်တော် (AA) မိုင်းကျွမ်းကျင်သူများက လိုက်လံ ရှင်းလင်းနေရကြောင်း သိရသည်။

ကျောက်ဖြူမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများဖြစ်ကြသည့်  ခလရ (၃၄)နှင့် ခမရ(၅၄၂) တပ်ရင်းများမှ  ငလပွေ့ချောင်းတဖက်ကမ်းရှိ စိုင်ခြုံဒွိန် ရွာ နှင့် အောင်စေတီရွာအနီးအနား အရပ်သား ပြည်သူများသွားလာ၊ လုပ်ကိုင်စားသောက်နေသည့် လယ်မြေ၊ လမ်းများတွင် မြေမြှုပ်မိုင်းများ ထောင်ထားသည့်အတွက် ရက္ခိုင့်တပ်တော်က အဆိုပါမိုင်းများကို လိုက်လံ ရှင်းလင်းနေရကြောင်း သိရသည်။

"သူတို့ မိုင်းထောင်ခဲ့တာက အများကြီးပဲ။ စိုင်ခြုံဒွိန်က တာရိုးအားလုံး တစ်လျှောက်လုံးကို ထောင်ထားခဲ့တာ။ အောင်စေတီရွာအောက်က စပါး လုပ်စားတဲ့ ပြုံးမိုကြီး တာရိုးမှာလည်း တစ်ရိုးလုံးပဲ မိုင်းထောင်ထားတာ တွေ့တယ်။ ဒီအနီးအနားတဝိုက်လုံးပါပဲ။ စစ်ကောင်စီဘက်က ဒေသခံ ပြည်သူ လူထုတွေလုပ်စား၊ သွားလာနေတဲ့ လမ်းတွေမှာ လယ်မြေမှာ သူတို့ မိုင်းထောင်ထားတာ ဖြစ်တယ်။တမင်တကာ အရပ်သားတွေကို လုပ်ကြံတာပါ" ဟု အောင်စေတီကျေးရွာသားတစ်ဦးက ပြောသည်။

အဆိုပါမိုင်းများကို ရက္ခိုင့်တပ်တော်က လိုက်လံရှင်းလင်းနေခဲ့ရပြီး မိုင်းများ ထပ်မံ ရှိနေနိုင်သေးသည့်အတွက် သတိထားသွားလာကြရန််သိပေးထားပြီး ထပ်မံရှာဖွေ ရှင်းလင်းနေကြောင်း သိရသည်။


အေအေနှင့် နီးစပ်သူတစ်ဦးက "အေအေကတော့ မိုင်းတွေကို သိရတာနဲ့ ချက်ချင်းလိုက်ရှင်းခဲ့ကြတယ်။ အခု မနည်းတော့လိုက်ဖော်ထားပြီးပြီ။ ကျန်အုံးမယ်လို့ ထင်တယ်။ ဆက်ရှာပြီးတော့ ဖော်ရအုံးမယ်"ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်ရှိ ငပြီတောင်၊ ငှက်ပျောချောင်း၊ တောင်ရှည်၊ ခမရ (၅၃၄)အနီးတဝိုက်၊ ပြင်ဝန်း၊ မင်းတက်တောင်  စသည့် ကျေးရွာအနှံ့အပြားတွင်လည်း စစ်ကောင်စီမှ မိုင်းထောင်ထားသည့် အတွက် မိုင်းအန္တရာယ်ကို စိုးရိမ်နေကြကြောင်း ဒေသခံများကပြောသည်။

မြေပုံမြို့တွင်လည်း စစ်ကောင်စီတပ်သားများ မြို့မှ မစွန့်ခွာမီ ရာနှင့်ချီသော မိုင်းများကို လူနေ ရပ်ကွက်၊ မြို့ရွာများအနီးတွင် မြှုပ်နှံထားခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီသည် ရခိုင်တွင် စစ်ရေးရှုံးနိမ်းလာသည်နှင့်အမျှ အရပ်သားပြည်သူများကိုသာ အဓိက ပစ်မှတ်ထားလာသည်ဟု ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးက ပြောသည်။

(ဓာတ်ပုံ - AA မှရှာဖွေရှင်းလင်းထားသည့် မိုင်းများအား တွေ့ရစဉ်) 

ဆက်စပ် သတင်းများ