ဗုဒ္ဓဟူး၊ မေလ ၂၉ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် မိုင်းပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားပြီး တစ်ဦးခြေထောက်ပြတ်ကာ တစ်ဦးဒဏ်ရာရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၂ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

ရခိုင်ပြည်၊  ကျောက်ဖြူမြို့နယ်တွင် တစ်ရက်တည်းတွင် မိုင်းပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားပြီး အမျိုးသား တစ်ဦးတွင် ခြေထောက်ဖြတ်ရပြီး နောက်တစ်ဦးတွင် ခြေထောက်တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသည်ဟု သတင်းရရှိသည်။

ခြေထောက်ဖြတ်ရသူမှာ ကျောက်ဖြူမြို့နယ်၊ မင်းတက်တောင်ရွာမှ  ဦးမျိုးရွှေ(၄၅) နှစ် ဖြစ်ကြောင်း သိရသည်။

၎င်းသည် ယမန်နေ့ မတ် ၁၁ ရက် နံနက်ပိုင်းတွင် ထင်းသွားခုတ်ရွာမှ  မိုင်းနင်းမိ၍ ညာဖက် ခြေထောက်တစ်ဖက် ပြတ်သွားသည်ဟု ကျောက်ဖြူမြို့ခံ တစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“ ကျောင်းတောင်ကို ထင်းသွားခွေတာ။ ဘုန်းကြီးကျောင်းထက်က တောင်ပါ။ ကျနော်တို့ရွာနဲ့နီးနီးလေး။ အဲဒီမှာ မိုင်းနင်းမိပြီး ညာဖက်ခြေထောက်ပြတ်သွားတယ်။  မြို့ပေါ်ဆေးရုံကိုယူသွားပါတယ် “ ဟု ပြောသည်။

နောက်ထပ် ဒဏ်ရာ ရရှိသွားသူ တစ်ဦးမှာ ကျောက်ဖြူ မြို့ပေါ်အရာရှိရပ်ကွက်မှ ဦးယိုင်နုအောင်(၆၅) နှစ်ဖြစ်ကြောင်း သိရသည်။

၎င်းသည် ဇနီးဖြစ်သူနှင့်အတူ ယမန်နေ့ မတ် ၁၁ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်ခန့်က သစ်ပုတ်တောင် တိုက်နယ် ဦးကင်းတောင်ရွာသို့ ဆန်သွားဝယ်ချိန်တွင် ဂုံးချွိန်တိုက်နယ် အောင်စေတီရွာ၏ ကာရီဘောင်တွင် စစ်ကောင်စီထောင်ထားသည့်  မိုင်းကိုနင်းမိ၍ ဘယ်ဖက်ခြေထောက်တွင် ဒဏ်ရာရရှိသွားသည်ဟု ကျောက်ဖြူဒေသခံ တစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“  သူတို့လင်မယားက မြို့ပေါ်ကပါ။ ဂုံးချွိန်ဖက်မှာ ဆန်သွားဝယ်တာလို့ ကြားတယ်။ လမ်းတွေ ပိတ်ထားတော့မြို့က လူတွေ  ပစ္စည်းတွေ ဆန်တွေ ရတဲ့လမ်းက သွားကြတာပါပဲ။ ကျောက်ဖြူ မြို့နယ်မှာဆိုရင် မိုင်းထောင်ထားတဲ့ ရွာတွေ အများကြီးပဲ။ နယ်ဖက်တွေက အများအားဖြင့် ငါး/ပုဇွန် တွေ လုပ်စားကြတယ်။ အဲ့ဒီတာဘောင်တွေမှာ အများကြီးထောင်တယ်။ လူသွားလူလာများလို့ ။ အဲ့ဒီ တာဘောင်မှာ ထောင်ထားတဲ့ မိုင်းကိုနင်းမိလို့ ဘယ်ဖက်ခြေထောက်ထိသွားတယ်။ အခုလက်ရှိ ကျောက်ဖြူမြို့ ဆေးရုံမှာပါ” ဟုပြောသည်။

ကျောက်ဖြူမြို့ နှင့်နီးသည့် ကရင်တောရပ်ကွက် စိုင်ခြုံဖက်သို့သွားသည့် စက်လှေဆိပ်၊ စိုင်းခြုံဒွိန်၊ ငပြီတောင်၊ ငှက်ပျောချောင်း၊ တောင်ရှည်၊ ခမရ (၅၃၄)အနီးတဝိုက်၊ ပြင်ဝန်း၊ မင်းတက်တောင် စသည့် ကျေးရွာ အနှံ့အပြားရှိ ရခိုင်အခေါ်အဝေါ ကာရီဘောင် ( တာဘောင်)များတွင်လည်း စစ်ကောင်စီမှ မိုင်းထောင်ထားသည့် အတွက် မိုင်းအန္တရာယ်ကို စိုးရိမ်နေကြကြောင်း ဒေသခံများကပြောသည်။

ကျောက်ဖြူမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများသည် ဖြစ်ကြသည့်  ခလရ (၃၄)နှင့် ခမရ(၅၄၂) တပ်ရင်းများမှ  ငလပွေ့ချောင်းတဖက်ကမ်းရှိ စိုင်ခြုံဒွိန် ရွာ နှင့် အောင်စေတီရွာအနီးအနား အရပ်သား ပြည်သူများသွားလာ၊ လုပ်ကိုင်စားသောက်နေသည့် လယ်မြေ၊ လမ်းများတွင် မြေမြှုပ်မိုင်းများ ထောင်ထားသည့်အတွက် ရက္ခိုင့်တပ်တော်က အဆိုပါမိုင်းများကို လိုက်လံ ရှင်းလင်းနေရကြောင်း သိရသည်။ ( NN-11) 

ဆက်စပ် သတင်းများ