အင်္ဂါ၊ မေလ ၂၈ရက်၊ ၂၀၂၄

ကျောက်ဖြူ၊ ဂုံးချွိန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးကို စစ်ကောင်စီဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 753

အေးမြတ်ခိုင်၊ နိရဉ္စရာ၊ ဧပြီလ ၁၀/၂၀၂၄

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးကို စစ်ကောင်စီက ဖမ်းဆီး သွားကြောင်း သိရသည်။

ယမန်နေ့ ဧပြီလ ၉ ရက် ည ၁၀ နာရီခွဲက ဂုံးချွိန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်အေးကြည်ကို စစ်ကောင်စီက သူ၏ နေအိမ်မှဝင်ရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

"ဘာအကြောင်းပြချက်မှမရှိဘဲ စစ်ဆေးစရာရှိတယ်ဆိုပြီး ဖမ်းသွားကြတာပါ။ အခုထိ မလွှတ်‌ပေးသေးဘူး။ ခလရ ၃၄ မှာ ရှိတယ်လို့တော့ ကြားရပါတယ်"ဟု ပြောသည်။

အပြစ်တစ်စုံတစ်ရာမရှိဘဲ ဖမ်းဆီးခံထားရသည့်အတွက် စိတ်မကောင်းဖြစ်နေရပြီး အမြန်ဆုံးပြန် လွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုထားကြောင်းသိရသည်။

ယခုကဲ့သို့ စစ်ကောင်စီက ၎င်းတို့ခန့်ထားသည့် အုပ်ချုပ်ရေးမှူးကိုပင်လျှင် အကြောင်းပြချက်မရှိ ဖမ်းဆီးသည်ကိုကြည့်ခြင်းအားဖြင့် ဒေသခံပြည်သူများ သတိထားနေထိုင်ရန်လိုအပ်သည်ဟု ကျောက်ဖြူမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက ပြောသည်။

"အခုလို သူတို့ရဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတစ်ယောက်ကိုတောင် အကြောင်းပြချက်မရှိ ဖမ်းတယ် ဆိုရင် စစ်ကောင်စီက စည်စည်ကားကားကျင်းပဖို့လုပ်‌နေတဲ့ သင်္ကြန်မဏ္ဍပ်မှာဆိုရင် လည်း ဒေသခံတွေ ပိုပြီး ဖမ်းဆီးခံရမှုတွေရှိနိုင်တယ်။ အန္တရာယ်ရှိနိုင်တယ်လို့ မြင်မိပါတယ်။ သတိထားနေထိုင်ကြဖို့ လိုအပ်ပါတယ်"ဟု ပြောသည်။

ရခိုင်ပြည်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်အထိ လေးလ ကျော်အတွင်း အမျိုးသမီးများ၊ မွတ်ဆလင်များအပါအဝင် အရပ်သား ၄၇၁ ဦး(အမျိုသား ၄၂၄ ဦး၊ အမျိုးသမီး ၄၇ ဦး )ကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း ရက္ခိုင့်တပ်တော်(AA)၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး (HDCO) မှ ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-ပေးပို့

ဆက်စပ် သတင်းများ