- Web Master
- ၂၈ ဇူလိုင် ၂၀၂၃
ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဉ္စရာ၊ မေ ၆ / ၂၀၂၁
ရခိုင်မှ တက္ကသိုလ် ကျောင်းသားသုံးဦးကို စွဲဆိုထားသော အမှုများထဲမှ ငြိမ်းစုစီဥပဒေပုဒ်မကို ဒဏ်ငွေ ၂၀၀၀၀ ကျပ် ကျခံစေပြီး အမှုအားရုပ်သိမ်းလိုက်သည်ဟု စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်က ပြောသည်။
“ငြိမ်းစုစီပုဒ်မက ပြီးသွားပြီ။ ဒဏ်ငွေနှစ်သောင်းပေးခဲ့ရတယ်။ အဲဒီအမှုတော့ ပြီးပြီ နောက်သဘာဝဘေးနဲ့ ပုဒ်မ ၅၀၅ အမှု နှစ်မှု ကျန်သေးတယ်”ဟုပြောသည်။
၎င်းကျောင်းသားသုံးဦးမှာ ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုတိုးတိုးအောင်၊ ကိုကျော်နိုင်ဌေးနှင့် ကိုဦးသန်းနိုင်တို့ဖြစ်ကြသည်။
၄င်းတို့သည် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ အတွင်းက ရခိုင်ပြည်နယ်အစိုးရရုံးရှေ့တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုကြောင့် ငြိမ်းစုစီပုဒ်မ ၁၉ နှင့်ဖြင့် တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။
ကျောင်းသားများဖက်မှ ခွင့်ပြုချက်မရဘဲ အစိုးရအဖွဲ့ရုံးတွင် ဆန္ဒထုတ်ဖော်ခဲ့သည်မှာ မှန်ကန်သည်ဟု ဝန်ခံသည့်အတွက် ဒဏ်ငွေ ၂၀၀၀၀ ကျပ် ချမှတ်ခြင်းဖြစ်သည်ဟု အမှုအား လိုက်ပါ ဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။
“သူတို့ အစိုးရအဖွဲ့ ရုံးရှေ့မှာ ဆန္ဒပြခဲ့တာကို သူတို့က ဝန်ခံတယ်။ ခွင့်ပြုချက်မရဘဲ ဆန္ဒပြတာ မှန်ကန်တယ်လို့ ဝန်ခံတဲ့အတွက် တရားရုံးကနေပြီးတော့ ဒဏ်ငွေ ၂၀၀၀၀ စီချတယ်။ ပထမဆုံးစွဲတဲ့ ငြိမ်းစုစီအမှုကတော့ ပြီးသွားပြီ” ဟုပြောသည်။
သို့သော်လည်း ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက ၎င်းတို့ သုံးဦးနှင့် အတူ ဝန်းရံကျောင်းသား ကိုကောင်းထွန်း (တက္ကသိုလ်များ- ရန်ကုန်) တို့ ဦးဆောင်ပြီး စစ်တွေမြို့ပေါ်တွင် ပြည်သူများနှင့် အတူ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့မှုကြောင့် တရားစွဲဆိုခံထားရသည့် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၉ တို့ ကိုမူ ဆက်လက်ရင်ဆိုင်ကြရအုံးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ဝန်းရံကျောင်းသား ကိုကောင်းထွန်း (တက္ကသိုလ်များ- ရန်ကုန်) တို့ကို စစ်တွေမြို့နယ် ရဲစခန်းမှ ရဲမှူးဇော်နိုင်က တရားလိုလုပ်ပြီး တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဖမ်းဆီးခံထားရသည့် ၎င်းကျောင်းသား ၄ ဦး၏ အမှုအား စစ်ဆေးရန် လာမည့် မေလ ၁၇ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ကြောင်း သိရှိရသည်။