ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရခိုင်ကျောင်းသားခေါင်းဆောင် (၄) ဦးအမှုမှ တရားလို ရဲအရာရှိ(၂) ဦးကို ယနေ့ စစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 6.9k

ထက်အောင်

နိရဥ္စရာ၊ ဇွန် ၁၁/ ၂၀၂၁

ရခိုင်ပြည်နယ်အတွင်း အစိုးရနှင့် တပ်မတော်၏လုပ်ရပ်များကို ဆန့်ကျင်ဆန္ဒပြခဲ့ကြ၍ ဖမ်းဆီးအမှုရင်ဆိုင်နေရသည့် ရခိုင်ကျောင်းသားခေါင်းဆောင် (၄) ဦးအမှုမှ တရားလိုပြသက်သေ ရဲအရာရှိနှစ်ဦးအား ယနေ့ စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါအမှုကို ယနေ့ ဇွန်လ ၁၁ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ရာ အမှုမှ တရားလိုပြသက်သေ ရဲအရာရှိနှစ်ဦးအား စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု အမှုလိုက်အားလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။

ဒီနေ့ ကျောင်းသားတွေကို ရုံးထုတ်ပါတယ်။ ပုဒ်မ ၅၀၅(ခ) နဲ့ ဘေးစီမံ ပုဒ်မ ၂၉ အဲဒီ နှစ်မှုကို ရုံးထုတ်ပြီး စစ်ဆေးပါတယ်။ ဒီနေ့မှာတော့ ရဲအရာရှိ (၂) ဦးကို စစ်ဆေးပါတယ်။ စစ်တွေမြို့ အမှတ် (၁) ရဲစခန်းက စခန်းမှူး ဒုရဲမှူး အောင်မင်းဦးနဲ့ ဒုရဲအုပ် စောနိုင်လင်းကျော်(လက်ရှိ မွန်ပြည်နယ်) တို့ကို ဒီနေ့ရုံးချိန်းမှာ ၅၀၅(ခ)မှာရော၊ ဘေးစီမံ ပုဒ်မ ၂၉ မှာရော နှစ်မှုလုံးမှာ သက်သေပါတဲ့အတွက် သူတို့ကို စစ်ဆေးပါတယ်။ဟု ပြောပြသည်။

လက်ရှိ အမှုရင်ဆိုင်နေရသည့် ကျောင်းသားခေါင်းဆောင်များမှာ ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ် ကျောင်းသားသမဂ္ဂမှ တွဲဘက်အတွင်းရေးမှူး ကိုမြတ်စိုးဝင်းနှင့် ရန်ကုန်မြို့ ဒဂုံတက္ကသိုလ် ရခိုင်ကျောင်းသားသမဂ္ဂမှ ကိုကောင်းထွန်းတို့ဖြစ်ကြသည်။

သူတို့ုသည် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်က အစိုးရနှင့် တပ်မတော်၏လုပ်ရပ်များကို စစ်တွေတွင်ဆန့်ကျင်ဆန္ဒပြခဲ့ကြ၍ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ပုဒ်မ ၂၉ တို့ ဖြင့် စစ်တွေမြို့နယ် တရားရုံးတွင် အမှုဖွင့် တရားစွဲဆို ခံထားရခြင်း ဖြစ်သည်။

ထိုကျောင်းသားများ ဖမ်းဆီးချုပ်နှောင် တရားစွဲဆိုခံထားရစဉ်အတွင်း သူတို့အတွက် အချိန်အားဖြင့် နစ်နာမှုရှိခဲ့ပြီး မိသားစုဝင်များအတွက်လည်း တစ်နေရာနှင့် တစ်နေရာသို့ လာရောက်ရသည်မှာ ငွေကြေးအခက်အခဲရှိကြောင်း သိရသည်။

သူတို့ရုံးချိန်းနေ့ကျတိုင်း မိသားစုဝင်တွေက လာရတယ်။ နယ်ကလာရတော့ အဲဒီ ကျောင်းသားတွေအဖို့ မိသားစုက ထောင်ဝင်စာ လာပို့ရတယ်။ ဆိုတော့ မိသားစုဝင်တွေအတွက် ငွေးကြေး အကုန်အကျ များတာပေါ့။ အလုပ်အကိုင်တွေ ထိခိုက်တယ်။ ဒီဘက်ကလေးတွေအတွက်ကျတော့ ဒီလိုမျိုး အမှုရင်ဆိုင်နေရတာက အချုပ်ထောင်ထဲမှာ နေရတာဆိုတော့ သူတို့အတွက် ကျဉ်းကျပ်တာပေါ့။ စားတာ၊ သောက်တာ ၊ နေထိုင်တာကအစ လွတ်လပ်မှုမရှိဘူး။ ထောင်မှာနေတဲ့လူဆိုတာက အပြင်မှာနေတဲ့လူနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရဘူး။ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။

ထိုကျောင်းသားများအမှုမှ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) တွင် စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်နိုင်က တရားလိုဖြစ်ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှု ပုဒ်မ ၂၉ တွင် တရားလိုမှာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာန ဒုတိယဦးစီး ဦးအောင်ဇံဝေ တို့က စစ်တွေမြို့နယ်တရားရုံးတွင် တရားလိုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်။

နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) သည် ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် (၂) နှစ်အထိ ချမှတ်နိုင်ပြီး ဘေးစီမံ ပုဒ်မ ၂၉ အမှုတွင် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် (၁) နှစ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။

ယင်းကျောင်းသားများအမှုမှ နောက်ထပ်တရားလိုပြသက်သေ ရဲအရာရှိ နှစ်ဦးဖြစ်သည့် ဒုရဲအုပ် ထွန်းထွန်း(လက်ရှိ ရှမ်းပြည်နယ်) နှင့် ဒုရဲအုပ် ထွန်းမြတ်ကျော် (လက်ရှိ နေပြည်တော်) တို့ကို စစ်ဆေးရန် ကျန်နေသေးပြီး နောက်ထပ်ရုံးချိန်းကို လာမည့် ဇွန်လ ၂၅ ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း သိရသည်။

 

ဆက်စပ် သတင်းများ