ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ဆန္ဒပြ၍ ဖမ်းဆီးခံထားရသည့် ရခိုင်တက္ကသိုလ်ကျောင်သား (၄) ဦးအမှု၏ နောက်ဆုံးလိုပြသက်သေရဲအုပ်အားစစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 2.2k

ထက်အောင်
နိရဉ္စရာ၊ ဇူလှိုင် ၂/ ၂၀၂၁
ရခိုင်ပြည်နယ်၌ အစိုးရနှင့် စစ်တပ်တို့၏ လုပ်ရပ်များအား ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၉ ရက်နေ့က ဆန္ဒပြခဲ့ကြသည့် ရခိုင်ပြည် ကျောင်းသားသမဂ္ဂမှ ကျောင်းသား (၄) ဦးအား ယနေ့ ဇူလှိုင်လ ၂ ရက်နေ့တွင် Video Conferencing စနစ်နှင့် စစ်ဆေးခဲ့ကြောင်း အမှုကို လိုက်ပါ ဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က ပြောသည်။
တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က “ ဒီနေ့မှာ ဘေးစီမံအမှုက တရားလိုကို စစ်တယ်။ ၅၀၅ (ခ) အမှုမှာရော ဘေးစီမံ ပုဒ်မ (၂၉) အမှုမှာပါ တရားလိုဖက်က သက်သေတွေအကုန်လုံးကို စစ်ဆေးပြီးပါပြီ။ ဇူလှိုင်လ ၁၆ ရက်နေ့မှာ စွဲချက်လျှောက်လဲချက်ပေးမဲ့ ရုံးချိန်းရှိပါတယ်။ ကျောင်းသားတွေရဲ့ ကျန်းမာရေးအခြေအနေတွေကောင်းမွန်ပါတယ်” ဟု ပြောသည်။
ကျောင်းသားများအား တရားစွဲဆိုထားသည့် နိုင်ငံတော်အကြည်အညို ပျက်စေမှုပုဒ်မ ၅၀၅(ခ) အမှုတွင် တရာလိုပြသက်သေ (၆) ဦးရှိပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ပုဒ်မ ၂၉ တွင် တရားလိုပြသက်သေ (၈) ဦးရှိကြောင်း ရှေ့နေဦးကျော်ညွှန့်မောင်က ပြောသည်။
လက်ရှိ အမှုရင်ဆိုင်နေရသည့် ကျောင်းသားခေါင်းဆောင်များမှာ ရခိုင်ပြည် ကျောင်းသား သမဂ္ဂမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဖက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ရန်ကုန်မြို့၊ ဒဂုံတက္ကသိုလ် ရခိုင်ကျောင်းသား သမဂ္ဂမှ ကိုကောင်းထွန်းနှင့် ကျောက်ဖြူပညာရေး ကောလိပ် ကျောင်းသားသမဂ္ဂမှ တွဲဖက်အတွင်းရေးမှူး ကိုမြတ်စိုးဝင်းတို့ ဖြစ်ကြသည်။
သူတို့ (၄) ဦးသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အစိုးရနှင့် တပ်မတော်၏ လုပ်ရပ်များကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၉ တို့ဖြင့် စစ်တွေမြို့နယ်တရားရုံတွင် တရားစွဲဆိုခံထားရခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ အမှုရင်ဆိုင်နေရဆဲဖြစ်သည်။
၎င်းကျောင်းသားများအမှုမှ ပုဒ်မ ၅၀၅(ခ) အမှုတွင် စစ်တွေမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်က တရားလိုဖြစ်ပြီး ပုဒ်မ ၂၉ အမှုတွင် တရားလိုမှာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာနမှ ဒုတိယဦးစီး ဦးအောင်ဇံဝေတို့ ဖြစ်ကြောင်း သိရသည်။
ထိုပုဒ်မများတွင် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) သည် ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ်အားဖြင့် (၂) နှစ်အထိ ချမှတ်နိုင်ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၉ အမှုတွင် ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် (၁) နှစ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ