သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

တစ်နှစ်နီးပါးကြာ အမိန့်မချဘဲဖမ်းဆီးထိန်းသိမ်းထားသည့် ရခိုင်တက္ကသိုလ်ကျောင်းသား၄ဦးအတွက် တုံ့ပြန်မှုများလုပ်သွားမည်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 7.3k

အောင်ဇံ
နိရဉ္စရာ ၊သြဂုတ်၂၈
တစ်နှစ်နီးပါးကြာ ဖမ်းဆီးခံထားရသည့် ရခိုင်တက္ကသိုလ်ကျောင်းသား ၄ဦးကို တရားရုံးက အမိန့်မချပဲ ဆက်လက် ဖမ်းဆီးချုပ်နှောင်ထားလျှင် တုံ့ပြန်မှုများ လုပ်ဆောင်သွားမည်ဟု ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂ က နိရဉ္စရာသို့ ပြောသည်။
ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ၊ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုကျော်ငြိမ်းထွန်းက တရားရုံးများသည် လုပ်ထုံးလုပ်နည်းများကိုပါ ကျော်လွန်၍ ရုံးချိန်းများရွေ့ကာ အမိန့်မချပဲ လုပ်နေကြောင်း ပြောသည်။
''စာသင်ခန်းမှာရှိရမယ့်ကျောင်းသားတွေက သံတိုင်ကြားထဲကို ရောက်နေရတယ်။ ကျွန်တော်တို့ စောင့်ကြည်နေတယ်။ ဒီထက်ပိုပြီး အမိန့်မချပဲ ဆက်လက် ချုပ်နှောင်ထားမယ်ဆိုရင်တော့ ကျနော်တို့ ဖက်ကလည်း တစ်စုံတရာတုံ့ပြန်သွားပါမယ်'' ဟု ကိုကျော်ငြိမ်းထွန်း က ပြောသည်။
စစ်တွေထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ကျောင်းသားမှာ ရခိုင်ပြည် ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုမြတ်စိုးဝင်း၊ကိုဦးသန်းနိုင် နှင့် ရက္ခိုင်ကျောင်းသားများသမဂ္ဂ(ဒဂုံတက္ကသိုလ်)မှ ကိုကောင်းထွန်းတို့ ဖြစ်သည်။
အဆိုပါ ဖမ်းဆီးခံထားရသော ကျောင်းသားများသည် စစ်တွေမြို့တွင် ၂၀၂၀ ၊အောက်တိုဘာ လ (၁၉ ) ရက်နေ့က စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် စစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှူး ဇော်နိုင်က တရားလို ပြုလုပ်၍ နိုင်ငံတော် အကြည်ညိုပျက်စေမှုဥပဒေ ပုဒ်မ ၅၀၅ (ခ ) ဖြင့် တရားစွဲဆိုခဲ့ရသည်။
ယင်းနောက် ၂၀၂၁ခုနှစ် ၊မတ်လ ရုံးထုတ်ချိန်တွင် ဘေး/စီ/မံ ဥပဒေ ပုဒ်မ- ၂၉ ဖြင့် ထပ်မံ တရားစွဲခံရခြင်းဖြစ်သည်။
“ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့က အပြီးသတ် အမိန့်ချမယ်ဆိုပေမယ့် ကိုဗစ်တကျော့ပြန် ဖြစ်လာတော့ ဒါကို အခွင့်ကောင်းယူပြီး ရုံးချိန်းတွေကို တစ်ပတ်ပြီး တစ်ပတ် ရွေ့နေတယ်။ အမှုတစ်ခုကို တစ်နှစ်ကျော်ကြာလာတဲ့ အထိ တရားရုံးကအမိန့်မချဘဲထားတာဟာလက်ရှိတည်ဆဲဥပဒေနဲ့လည်း ကိုက်ညီမှုမရှိပါဘူး” ဟု ကိုကျော်ငြိမ်းထွန်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့ ရုံးချိန်းတွင်လည်း ဖမ်းဆီးခံ ကျောင်းသားများကို တရားရုံးအချုပ်တွင် ရုံးထုတ်လာစဉ် အမိန့်ချပေးရန် ကျောင်းသားများက တောင်းဆိုဆန္ဒပြခဲ့ကြသဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့အကြားတွင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

ဆက်စပ် သတင်းများ