သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ထောင် ၂ နှစ်ခွဲချမှတ်သည့်အပေါ် တက္ကသိုလ်ကျောင်းသား၄ ဦး၏အယူခံ ခရိုင်တရားရုံးပယ်ချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.1k

သန္တာကျော်ဇော
နိရဥ္စရာ၊ စက်တင်ဘာ ၂၄/ ၂၀၂၁
ထောင်ဒဏ် ၂ နှစ်နှင့် ၆ လချမှတ်ခံထားရသည့် ရခိုင်တက္ကသိုလ်ကျောင်းသား ၄ ဦး၏အယူခံတင်သွင်းမှုကို စစ်တွေခရိုင်တရားရုံးက ပယ်ချလိုက်သော်လည်း ပြည်နယ်တရားလွှတ်တော်အထိ ဆက်လက်အယူခံတင်သွားဦးမည်ဟု သိရသည်။
အဆိုပါကျောင်းသား ၄ ဦးအတွက်အယူခံကို ယမန်နေ့ စက်တင်ဘာလ ၂၃ ရက်တွင် စစ်တွေခရိုင်တရားရုံးတွင် တင်သွင်းခဲ့ရာ လက်ခံကြားနာခြင်းမရှိဘဲ အမှုကိုပယ်ချလိုက်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က နိရဥ္စရာကို ပြောသည်။
“မနေ့က ၅၀၅(ခ) ကိုအယူခံတက်တယ်။ ၂၀၂၁ ရာဇဝတ်အယူခံမှုနဲ့ (၁)၊ နောက်ထပ်တစ်မှုက ဘေးစီမံ ၂၉ အရ ၂၀၂၁ ရာဇဝတ်အယူခံမှုနဲ့ (၂)နဲ့တင်သွင်းခဲ့တယ်။ ခရိုင်တရားသူကြီးကိုယ်တိုင် အမှုကိုလက်ခံပြီး လျှောက်လဲချက်ပေးရတယ်။ လျှောက်လဲချက်ပေးပြီးနောက်မှာ အမှုကိုပယ်ခဲ့တယ်။ အယူခံတက်တဲ့အကြောင်းပြချက်ကတော့ ဖြစ်ရပ်တစ်ခုတည်းအပေါ်မှာ အမှု ၂ ခုစွဲထားပြီး ပြစ်ဒဏ်ကိုလည်း သီးခြားစီ ၂ ခုချမှတ်ထားတာဟာ ဥပဒေနဲ့မညီသည့်အတွက် အယူခံတက်ရတာဖြစ်တယ်” ဟု ပြောသည်။
၁၉၇၃ ခုနှစ် စကားရပ်များအနက်အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေပုဒ်မ ၂၂ တွင် ပြုလုပ်မှု (သို့) ပျက်ကွက်မှုတစ်ခုခုသည် ဥပဒေနှစ်ရပ် (သို့) နှစ်ရပ်ထက်ပိုသော ဥပဒေများအရ ပြစ်မှုမြောက်လျှင် ပြစ်မှုကျူးလွန်သူအား ယင်းဥပဒေများအနက် ဥပဒေတစ်ရပ်ဖြင့်သာ တရားစွဲဆိုအပြစ်ပေးရမည်ဖြစ်ကြောင်းနှင့် ပြစ်မှုတစ်ရပ်တည်းအတွက် ပြစ်ဒဏ်တစ်ကြိမ်ထက်ပို၍ မခံစေရဟုလည်း ပြဋ္ဌာန်းထားကြောင်း တရားလွှတ်တော်ရှေ့နေဦးကျော်ညွန့်မောင်က ပြောသည်။
၁၉၇၃ ခုနှစ် စကားရပ်များအနက် အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေပုဒ်မ ၂၂ တွင် အတိအလင်း ပြဋ္ဌာန်းထားပါလျက်နှင့် ခရိုင်တရားရုံးက အမှုကိုလက်ခံကြားနာခြင်းမရှိဘဲ အမှုကိုတင်သည်နှင့် ချက်ချင်းပလပ်လိုက်ခြင်းသည် ဥပဒေကို မျက်ကွယ်ပြုရာကျကြောင်း ဦးကျော်ညွန့်မောင်က ဆက်ပြောသည်။
ယခုအမှုတွင် ပြစ်မှုကျူးလွန်သူများသည် တက္ကသိုလ်ကျောင်းသားလူငယ်များဖြစ်ပြီး ရိုးသားစွာဖြင့်အပြစ်ရှိကြောင်း ဝန်ခံထားပါလျက် အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်ခြင်းသည် အင်မတန်မှနစ်နာမှုရှိသည့်အတွက် ကျောင်းသားများနှင့်ဆက်သွယ်၍ ရခိုင်ပြည်နယ်တရားလွှတ်တော်အထိ ဆက်လက်အယူခံတက်သွားဦးမည်ဟုလည်း ပြောသည်။
အယူခံပယ်ချခံလိုက်ရမှုနှင့်ပတ်သက်ပြီး ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုသော်ဇော်ထွန်းကလည်း “တရားမျှတမှုကတော့ ဒီတိုင်းပြည်မှာ ဒီလိုအခြေအနေမှာ ရနိုင်မဲ့အခြေအနေတော့မရှိဘူး။ ဒီအချိန်မှာ ဒီလိုပယ်ချခံရတာတော့ သိပ်တော့မဆန်းဘူး။ ဒါပေမဲ့ ကျနော်တို့ဘက်ကတော့ တရားမျှတမှုရအောင် ဆက်လို့အကောင်းဆုံးကြိုးစားသွားမယ်” ဟုပြောသည်။
ထောင်ချခံထားရသည့်တက္ကသိုလ်ကျောင်းသား ၄ ဦးမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဖက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ပြည်ကျောင်းသားများသမဂ္ဂ(ဒဂုံတက္ကသိုလ်) မှ ကိုကောင်းထွန်းတို့ဖြစ်သည်။
၎င်းတို့ ၄ ဦးသည် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်က အစိုးရနှင့် စစ်တပ်ကိုဆန့်ကျင်ဆန္ဒပြမှုကြောင့် စစ်တွေမြို့နယ်တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ (၂၉)တို့ဖြင့်တရားစွဲကာ စက်တင်ဘာလ ၁၆ ရက်တွင် ထောင်ဒဏ် ၂နှစ်နှှင့် ၆ လချမှတ်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ထောင်ချခံလိုက်ရမှုအပေါ် ရခိုင်ကျောင်းသားအဖွဲ့အစည်းများကလည်း ဝိုင်းဝန်းကန့်ကွက်ရှုတ်ချမှုများပေါ်ပေါက်နေကြောင်း သိရသည်။
ဓာတ်ပုံ - ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ

ဆက်စပ် သတင်းများ