သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ထောင်ချခံထားရသည့် ရခိုင်တက္ကသိုလ်ကျောင်းသား ၄ ဦး၏အယူခံလွှာကို ဒီဇင်ဘာ ၇ ရက်တွင် အပြီးသတ်လျှောက်လဲချက်ပေးမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7.1k

မြထွီးသျှင်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၉/၂၀၂၁
ထောင်ဒဏ် ၂ နှစ်နှင့် ၆ လချမှတ်ခံထားရသည့် ရခိုင်တက္ကသိုလ်ကျောင်းသား ၄ ဦးတို့၏ အယူခံလွှာကို လာမည့်ဒီဇင်ဘာလ ၇ ရက်တွင် ရခိုင်ပြည်နယ်တရားလွှတ်တော်၌ အပြီးသတ်လျှောက်လဲချက်ပေးမည်ဟု သိရသည်။
အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေဦးကျော်ညွန့်မောင်က "ဒီဇင်ဘာ ၇ ရက်နေ့မှာ အပြီးသတ်လျှောက်လဲချက်ပေးသွားမယ်။ ကျောင်းသားလေးတွေကိုတော့ ရုံးမထုတ်ဘူး"ဟုပြောသည်။
အပြီးသတ်လျှောက်လဲချက်ကြားနာသည့်အခါတွင် ရခိုင်ပြည်နယ်တရားလွှတ်တော်ရုံး တရားခွင်၌ နှစ်ဘက် လျှောက်လဲချက်ပေးပြီး ကြားနာသွားမည်ဟု ဆိုသည်။
ယခုကဲ့သို့အပြီးသတ်လျှောက်လဲချက်ကြားနာသည့်အခါ အကောင်းဆုံးဖြစ်လာရန်အတွက် မျှော်လင့်မိကြောင်း ထောင်ချခံထားရသူများတွင်ပါဝင်သော ကျောင်းသားကိုဦးသန်းနိုင်၏ဖခင် ဦးမောင်အေးထွန်းက နိရဥ္စရာသို့ပြောသည်။
"အကောင်းဆုံးလွတ်မြောက်လာဖို့မဟုတ်ရင်တောင်မှ အမှုကိုလျှော့ပေါ့ပေးဖို့ အချိန်တွေအများကြီးကြာမသွားဖို့ကို အများကြီးမျှော်လင့်မိတယ်။ အခုလျှောက်လဲချက်တွေကို ရှေ့နေနဲ့အခြားသူတွေကလည်း ဝိုင်းကူညီပေးတဲ့အတွက် အရမ်းလည်းကျေးဇူးတင်မိတယ်"ဟု ပြောသည်။
ထောင်ချခံထားရသည့်တက္ကသိုလ်ကျောင်းသား ၄ ဦးမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ပြည်ကျောင်းသားများသမဂ္ဂ(ဒဂုံတက္ကသိုလ်)မှ ကိုကောင်းထွန်းတို့ဖြစ်သည်။
၎င်းတို့ ၄ ဦးသည် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်က အစိုးရနှင့် စစ်တပ်ကိုဆန့်ကျင်ဆန္ဒပြမှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ (၂၉)တို့ဖြင့်တရားစွဲခံရကာ စက်တင်ဘာလ ၁၆ ရက်တွင် စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်နှင့် ၆ လချမှတ်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့ထောင်ချခံလိုက်ရမှုကိုကျေနပ်မှုမရှိ၍ စက်တင်ဘာလ ၂၃ ရက်တွင် စစ်တွေခရိုင်တရားရုံး၌ အယူခံလွှာတင်သွင်းခဲ့သော်လည်း ပယ်ချခံလိုက်ရသည့်အတွက် ပြင်ဆင်မှုကို အောက်တိုဘာ ၄ ရက်တွင် ပြည်နယ်တရားလွှတ်တော်၌ တင်သွင်းခဲ့ကြသည်။
၎င်းနောက်တွင် ရခိုင်ပြည်နယ်တရားလွတ်တော်က ရှေ့နေ၏ပြင်ဆင်ချက်အမှုကို နိုဝင်ဘာလ ၉ ရက်နေ့တွင် လက်ခံခဲ့ခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ