ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ထောင်ချခံထားရသည့် ရခိုင်တက္ကသိုလ်ကျောင်းသား ၄ ဦး၏ အယူခံလျှောက်လဲချက်ကြားနာပြီးနောက် များမကြာမီအမိန့်ချမှတ်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.8k

မြထွီးသျှင်

နိရဥ္စရာ၊ ဒီဇင်ဘာ ၇/၂၀၂၁

ထောင်ဒဏ် ၂ နှစ်နှင့် ၆ လချမှတ်ခံထားရသည့် ရခိုင်တက္ကသိုလ်ကျောင်းသား ၄ ဦးတို့၏ အယူခံလွှာပြင်ဆင်ချက်အား ဒီဇင်ဘာ ၇ ရက်နေ့ ရခိုင်ပြည်နယ်တရားလွှတ်တော်ရုံး၌ အပြီးသတ်လျှောက်လဲချက်ကြားနာခဲ့ပြီးနောက် အမှုကို များမကြာမီ အမိန့်ချမှတ်နိုင်သည်ဟု  အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က နိရဥ္စရာကိုပြောသည်။

"ကျနော်တို့ဘက်ကတော့ လျှောက်လဲချက်ပေးထားခဲ့ပြီ။ အမိန့်ကတော့ နောက်တစ်ပတ်၊ နှစ်ပတ်အတွင်းလောက်ကို ချမှတ်မယ်ထင်တယ်"ဟုပြောသည်။

ယနေ့ ဒီဇင်ဘာလ ၇ ရက်က အပြီးသတ်လျှောက်လဲချက်ကြားနာရာတွင် တရားခွင်၌ နှစ်ဘက် လျှောက်လဲချက်ပေးပြီး ကြားနာခဲ့သည့်အပြင် ဘေးစီမံပုဒ်မနှင့် ၅၀၅ (ခ)ပုဒ်မကို တစ်ပေါင်းတည်းလုပ်ပေးရန်နှင့် ပြစ်ဒဏ်များကို လျော့ပေါ့ပေးရန် လျှောက်လဲချက်ပေးခဲ့ကြောင်း ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။

ထောင်ချခံထားရသည့်တက္ကသိုလ်ကျောင်းသား ၄ ဦးမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ပြည်ကျောင်းသားများသမဂ္ဂ(ဒဂုံတက္ကသိုလ်)မှ ကိုကောင်းထွန်းတို့ဖြစ်သည်။

၎င်းတို့ ၄ ဦးသည် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်က အစိုးရနှင့် စစ်တပ်ကိုဆန့်ကျင်ဆန္ဒပြမှုကြောင့် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၉)တို့ဖြင့်တရားစွဲခံရကာ စက်တင်ဘာလ ၁၆ ရက်တွင် စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်နှင့် ၆ လချမှတ်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့ထောင်ချခံလိုက်ရမှုကိုကျေနပ်မှုမရှိ၍ စက်တင်ဘာလ ၂၃ ရက်တွင် စစ်တွေခရိုင်တရားရုံး၌ အယူခံလွှာတင်သွင်းခဲ့သော်လည်း ပယ်ချခံလိုက်ရသည့်အတွက် အယူခံပြင်ဆင်ချက်ကို အောက်တိုဘာ ၄ ရက်တွင် ပြည်နယ်တရားလွှတ်တော်၌ တင်သွင်းခဲ့ကြသည်။

ယင်းအယူခံပြင်ဆင်ချက်ကို ရခိုင်ပြည်နယ်တရားလွှတ်တော်က နိုဝင်ဘာလ ၉ ရက်တွင် လက်ခံခဲ့ခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ