သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ထောင်ဒဏ် ၂ နှစ်နှင့် ၆ လချမှတ်ခံထားရသည့် ရခိုင်တက္ကသိုလ်ကျောင်းသား ၄ ဦးအား ထောင်ဒဏ် ၁ နှစ်လျှော့ပေါ့အမိန့်ချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 6.8k

မြထွီးသျှင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၆/၂၀၂၁
ထောင်ဒဏ် ၂ နှစ်နှင့် ၆ လချမှတ်ခံထားရသည့် ရခိုင်တက္ကသိုလ်ကျောင်းသား ၄ ဦးအား ယနေ့တွင် ရခိုင်ပြည်နယ်တရားလွှတ်တော်က ထောင်ဒဏ် ၁ နှစ်လျှော့ပေါ့အမိန့်ချမှတ်လိုက်သည်ဟု သိရသည်။
ထောင်ချခံထားရသည့် ရခိုင်တက္ကသိုလ်ကျောင်းသား ၄ ဦး၏အယူခံလွှာပြင်ဆင်ချက်အရ စွဲဆိုထားသည့်အမှု ၂ မှုကို တပေါင်းတည်းသတ်မှတ်ကာ ထောင်ဒဏ် ၁ နှစ်နှင့် ၆ လသာကျခံစေရန် ယနေ့ ဒီဇင်ဘာလ ၁၆ ရက် နံနက်တွင် အပြီးသတ်အမိန့်ချမှတ်လိုက်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က နိရဥ္စရာကိုပြောသည်။
"၅ဝ၅(ခ)မူလက ၂ နှစ်ကို ၆ လလျှော့လိုက်တော့ ၁ နှစ်ခွဲဖြစ်သွားတယ်။ အဲတော့ ဘေးစီမံမှာ ၆ လဆိုတော့ အဲဒီဘေးစီမံနဲ့ ကျနော်တို့ ဒီ ၅ဝ၅ ကို တပြိုင်တည်း ကျခံစေလို့ ဆိုလိုက်တဲ့အခါမှာ ကျနော်တို့ မူလက ချမှတ်ထားတဲ့ ကျောင်းသားတွေကို ၂ နှစ်နဲ့ ၆ လအစား ဒီနေ့အမိန့်ချတဲ့အရဆိုရင် ၁ နှစ်နဲ့ ၆ လဖြစ်သွားတယ််"ဟု ပြောသည်။
ထို့အပြင် အဆိုပါကျောင်းသား ၄ ဦး၏ ချုပ်ရက်များပါ ထုတ်နုတ်ခံစားစေဟုဆိုသည့်အတွက် သူတို့၏ချုပ်ရက်များကိုပါထည့်ပေါင်းမည်ဆိုပါက ၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်း အပြီးသတ်လွတ်မြောက်နိုင်မည်ဟု ရှေ့နေက ဆိုသည်။
ထောင်ချခံရာတွင်ပါဝင်သည့် ကိုမြတ်စိုးဝင်း၏မိခင်က "အခုလို ၁ နှစ်လျှော့လိုက်တယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် ဝမ်းသာတာပေါ့"ဟု နိရ ဉ္စရာကိုပြောသည်။
ထောင်ချခံထားရသည့်တက္ကသိုလ်ကျောင်းသား ၄ ဦးမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ပြည်ကျောင်းသားများသမဂ္ဂ(ဒဂုံတက္ကသိုလ်)မှ ကိုကောင်းထွန်းတို့ဖြစ်သည်။
၎င်းတို့ ၄ ဦးသည် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်က အစိုးရနှင့် စစ်တပ်ကိုဆန့်ကျင်ဆန္ဒပြမှုကြောင့် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၉)တို့ဖြင့်တရားစွဲခံရကာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်တွင် စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်နှင့် ၆ လချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
၎င်းတို့ထောင်ချခံလိုက်ရမှုကိုကျေနပ်မှုမရှိ၍ စက်တင်ဘာလ ၂၃ ရက်တွင် စစ်တွေခရိုင်တရားရုံး၌ အယူခံလွှာတင်သွင်းခဲ့သော်လည်း ပယ်ချခံလိုက်ရသည့်အတွက် အယူခံပြင်ဆင်ချက်ကို အောက်တိုဘာ ၄ ရက်တွင် ပြည်နယ်တရားလွှတ်တော်၌ တင်သွင်းခဲ့ကြသည်။
ယင်းအယူခံပြင်ဆင်ချက်ကို ရခိုင်ပြည်နယ်တရားလွှတ်တော်က နိုဝင်ဘာလ ၉ ရက်တွင် လက်ခံခဲ့ပြီးနောက် ဒီဇင်ဘာ ၇ ရက်တွင် အပြီးသတ်လျှောက်လဲချက်ကြားနာကာ ယနေ့တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ