ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

PDF နှင့်ဆက်စပ်သံသယဖြင့်ဖမ်းဆီးထားသည့် ရခိုင်လူငယ်များကိုပြန်လွှတ်ပေးရန် ရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့အစည်းများကွန်ရက် တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 8.9k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၇/ ၂၀၂၂
ရခိုင်တွင် တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဋ္ဌ ကိုမင်းကိုဦးအပါအဝင် PDF နှင့်ဆက်စပ်သံသယဖြင့်ဖမ်းဆီးထားသည့် ရခိုင်လူငယ်များကိုပြန်လွှတ်ပေးရန် ရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့အစည်းများကွန်ရက် (AAYON)က ဇန်နဝါရီ ၇ ရက်နေ့စွဲဖြင့် သဘောထားထုတ်ပြန် တောင်းဆိုလိုက်သည်။
ဒေသဖွံ့ဖြိုးရေး၊ လူငယ်စွမ်းဆောင်ရည်မြှင့်တင်မှု နှင့် လူသားချင်းစာနာမှုများကိုအဓိကလုပ်ဆောင်နေသည့် ရခိုင်လူငယ်များကိုဦးတည်ပြီး PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးမှုများကြောင့် နောင်လာမည့်လူငယ်များ၏ အခွင့်အလမ်းကိုလည်း ချိုးဖောက်ဖိနှိပ်ရာရောက်သည့်အတွက် တာဝန်ယူဖြေရှင်းကာ အချိန်တိုအတွင်း ချက်ချင်းပြန်လွှတ်ပေးရန် လိုသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့အစည်းများကွန်ရက်မှ ယာယီတာဝန်ခံက နိရဥ္စရာကို ပြောသည်။
"ဒေသဖွံ့ဖြိုးရေးကိုအဓိကလုပ်တယ်။ ပြီးတော့ လူငယ်တွေစွမ်းဆောင်ရည်မြှင့်တင်ရေးနဲ့ လူသားချင်းစာနာမှုနဲ့ပတ်သက်တာတွေကို အဓိကလုပ်တဲ့လူငယ်တွေကိုမှ ဦးတည်ပြီး PDF ဆိုပြီးစွပ်စွဲလိုက်တဲ့ အကြောင်းအရာတစ်ခုနဲ့ သူတို့အနေနဲ့လည်း သက်သေအခိုင်အမာမပြနိုင်တာတွေအများကြီးရှိလာတဲ့အတွက် လာမယ့်လူငယ်တွေရဲ့အခွင့်အလမ်းကို ချိုးဖောက်တယ်။ ဖိနှိပ်တယ်လို့ ကျမတို့အနေနဲ့ မြင်ပါတယ်"ဟု ပြောသည်။
ယင်းထုတ်ပြန်ချက်တွင် တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဋ္ဌကိုမင်းကိုဦးသည် တောင်ကုတ်လူငယ်ကွန်ရက်၏ လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းစဉ်များအပါအဝင် အခြားသောလုပ်ငန်းစဉ်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းစဉ်များအပါအဝင် အခြားသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ဦးဆောင်ပြီး တစိုက်မတ်မတ်လုပ်ဆောင်နေသော လူငယ်တစ်ဦးဖြစ်ပြီး ထိုကဲ့သို့ လူငယ်များအတွက် တက်ကြွစွာလုပ်ဆောင်နေသော လူငယ်ခေါင်းဆောင် ကိုမင်းကိုဦးကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဖမ်းဆီးစစ်ဆေးကာ အကြမ်းဖက်ဥပဒေပုဒ်မ (၅၀) ညနှင့် တရားစွဲထားသည်မှာ ယနေ့ဆိုလျှင် ရက်ပေါင်း(၂၄) ရက်တိုင်တိုင် ရှိခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုမင်းကိုဦးအပါအဝင် ရခိုင်ပြည်နယ်အတွင်း PDF နှင့်ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ ၈ ဦးအထိရှိနေသည်ဟုသိရသည်။
၄င်းတို့မှာ သံတွဲတွင် ၃ ဦး၊ ငပလီတွင် ၂ ဦး၊ မြောက်ဦးတွင် ၁ ဦးနှင့် တောင်ကုတ်တွင် ၂ ဦးတို့ဖြစ်သည်။
၄င်းတို့ထဲတွင် လူမှုရေးလှုပ်ရှားသည့်လူငယ်များနှင့် အမျိုးသမီးများ ပါဝင်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ