သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

AA နှင့်ဆက်သွယ်သည်ဟုဆိုကာ နည်းပညာတက္ကသိုလ်(မှော်ဘီ) ကျောင်းသား ၂ ဦး ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 5.3k

မြထွီးသျှင်
နိရဥ္စရာ၊ ဧပြီ ၈/၂၀၂၂
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်သွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၂)ဖြင့် တရားစွဲခံထားရသည့် နည်းပညာတက္ကသိုလ်(မှော်ဘီ)မှ ကျောင်းသား ၂ ဦးသည် ယနေ့ အမ်းမြို့နယ်တရားရုံးက ပုဒ်မ ၁၇ (၁)ဖြင့် ထောင်ဒဏ် ၂ နှစ်စီချမှတ်ခံလိုက်ရကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ဦးဦးမြင့်မောင်က နိရဥ္စရာသို့ အတည်ပြုပြောသည်။
“စွဲချက်တင်တုန်းကတော့ ၁၇ (၂)နဲ့တင်တယ်။ အမိန့်ချတဲ့အခါတော့ ၁၇ (၁)နဲ့ချတယ်။ ၁၇(၁)နဲ့ တစ်ယောက်ကို ထောင်နှစ်နှစ်စီချတယ်။ ချုပ်ရက်တွေကို ချမှတ်လိုက်တဲ့ ထောင်ဒဏ်က ခံစားခွင့်ရတယ်” ဟုပြောသည်။
ထောင်ချခံလိုက်ရသော ကျောင်းသား ၂ ဦးမှာ နည်းပညာတက္ကသိုလ်(မှော်ဘီ)မှ မသီတာတင့်နှင့် မောင်ဆန်းဒေးကျော်တို့ဖြစ်ကြပြီး သူတို့သည် ရခိုင်မှမဟုတ်ဘဲ ပြည်မဘက်မှဖြစ်သည်ဟု သိရသည်။
သူတို့သည် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဇွန်လ ၂၂ ရက်တွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦးအား AA နှင့်ဆက်သွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၂)ဖြင့် တောင်ကုတ်မြို့ ၅၄၄ တပ်ရင်းမှ ဗိုလ်ကြီးကျော်ဇင်ဦးက တရားလိုပြုလုပ်ကာ အမ်းမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ဦးဦးမြင့်မောင်က “သူတို့ကိုတောင်ကုတ်မှာဖမ်းပေမဲ့ သူတို့ရဲ့လုပ်ဆောင်ချက်တွေက အမ်းမြို့နယ် တပ်တောင်ကဖြစ်ပြီး ခရီးသွားလာရင်း ပြစ်မှုကျူးလွန်တယ်ဆိုုပြီး အမ်းရဲစခန်းမှာထိန်းသိမ်းထားတာပေါ့နော်။ သူတို့ဇာတိကတော့ ရခိုင်က မဟုတ်ဘူး”ဟု ပြောသည်။
လက်ရှိတွင် ၎င်းတို့နှစ်ဦးကို အမ်းမြို့မရဲစခန်းတွင် ထိန်းသိမ်းထားပြီး နောက်ပိုင်းတွင် တောင်ကုတ်အချုပ်သို့ပို့ဆောင်သွားမည်ဟု အမ်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

ဆက်စပ် သတင်းများ