သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

၁ဝ နှစ်ကြာ စစ်တွေတက္ကသိုလ်တက်ရောက်ပညာသင်ကြားခွင့်မရခဲ့သော မူဆလင်ကျောင်းသားများ ယခုနှစ်တွင် ပြန်လည်သင်ကြားခွင့်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 8.1k

နိရဉ္စရာ၊ မေ ၉ /၂၀၂၂

၁၀ နှစ်ကြာ စစ်တွေ စစ်တွေတက္ကသိုလ်တက်ရောက်ခွင့် မရရှိခဲ့ကြသည့် မူဆလင် ကျောင်းသားများသည် ယခုနှစ်တွင် ပြန်လည် ပညာသင်ကြားခွင့် ရရှိခဲ့ကြသဖြင့် မေလ ၉ ရက်နေ့တွင် မူဆလင်ကျောင်းသား ၅ ဦးနှင့် မူဆလင်ကျောင်းသူ ၁ ဦးတို့ ကျောင်းအပ်နိုင်ခဲ့သည်ဟု သတင်းရရှိသည်။

လွန်ခဲ့သော ၂၀၁၂ ခုနှစ်က ရခိုင်ပြည်အတွင်းဖြစ်ပေါ်ခဲ့သည့် လူမျိုးရေး ပဋိပက္ခများကြောင့် မူဆလင်ကျောင်းသားများအနေဖြင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး၍ တက္ကသိုလ်များ လျှောက်ထားရာတွင် အဝေးသင်များကို ဘာသာတွဲအကန့်အသတ်ဖြင့် တက်ရောက်သင်ကြားခွင့်ရခဲ့ပြီး Day ကျောင်းသားအဖြစ် နေ့သင်တန်းများကို တက်ရောက်ခွင့်မရခဲ့ဟု သိရသည်။

ယခုနှစ်တွင်မူ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ အကူအညီပေးမှုဖြင့် အခက်အခဲတစ်စုံတစ်ရာမရှိဘဲ နေ့သင်တန်းကိုပါ ကျောင်းအပ်နိုင်ခဲ့ကြောင်း မူဆလင် ကျောင်းသား တစ်ဦးဖြစ်သူ ကိုဇော်မင်းထွန်းက နိရဉ္စရာသို့ပြောသည်။

"အရင်ကဆိုရင် ကျောင်းသွင်းခွင့်မပေးခဲ့ဘူး။ ဒီနှစ်ပဲကျောင်းသွင်းခွင့်ပေးတာပါ။ အရင် နှစ်တွေကလည်း ကျနော်တို့တောင်းဆိုခဲ့တယ်။ သူတို့က လုံခြုံရေး အကြောင်းပြချက်နဲ့ ပယ်ခဲ့တယ်။ ရခိုင်တွေက လက်မခံဘူးဆိုပြီး အဲလိုမျိုး ပြောခဲ့တယ်။ အခုကျတော့ ရကသကိုယ်တိုင် ကျနော်တို့နဲ့ ပူးပေါင်းပြီး လုပ်နေတာဆိုတော့ ရခိုင်တွေက ကျနော်တို့ကို ကြိုဆို လက်ခံတယ်ဆိုတော့ ပြဿနာမရှိတော့ဘူးပေါ့" ဟုပြောသည်။

၂၀၁၂ ခုနှစ်တွင် လူမျိုးရေးပဋိပက္ခများဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်နောက်ပိုင်းတွင် အစိုးရက မူဆလင်ကျောင်းသားများအတွက် တက္ကသိုလ်အတန်း ပညာ သင်ကြားနိုင်ရန်အတွက် စင်တာသုံးခုကို ဘူးသီးတောင်တွင် တစ်ခု ၊ မောင်တောတွင် တစ်ခု၊ စစ်တွေတွင် တစ်ခုဖွင့်လှစ်ပေးထားခဲ့ကြောင်း သိရသည်။

ထိုသို့ဖွင့်လှစ်ပေးထားခဲ့ရာတွင်လည်း မူဆလင်ကျောင်းသားများအနေဖြင့် အဝေးသင်ကိုသင်သာ တက်ရောက်ခွင့်ရခဲ့ပြီး ဘာသာတွဲများအနေဖြင့် ပထဝီ၊ သမိုင်းနှင့် မြန်မာစာတို့ကိုသာ သင်ကြားခွင့်ရခဲ့ကြောင်း မူဆလင် ကျောင်းသားများက ပြောသည်။

ယနေ့ မေလ ၉ ရက်စပြီး နေ့သင်တန်းများ၌ အကန့်အသတ်မရှိ မူဆလင်ကျောင်းသားများကို ကျောင်းအပ်လက်ခံသွားမည်ဟု သိရသည်။

စစ်တွေတက္ကသိုလ်မှ သင်တန်းရေးရာဌာနမှူး ဦးကျော်နိုင်ဦးက "အဲဒါကေတာ့ နှစ်တိုင်းကတော့ တက္ကသိုလ်ဝင်ခွင့်ထဲမှာ မူဆလင်တွေ လျှောက်လို့ ရှိရင်ပါပါတယ်။ ဝင်ခွင့်လမ်းညွှန်ပါအတိုင်းပဲ သို့သော်လည်း သူတို့က နှစ်တိုင်းတော့ Day နဲ့လာမဆက်သွယ်ဘူးပေါ့နော်။ ဒီနှစ်မှာတော့ သူတို့ကလာပြီး ကျောင်းဝင်တယ်ပေါ့ အဲဒီသေဘာပါပဲ" ဟုပြောသည်။

လက်ရှိတွင် မူဆလင်ကျောင်းသားများအနေဖြင့် စစ်တွေတက္ကသိုလ်တွင် ကျောင်းတက်ခွင့်ရရှိသည့် အတွက် ဝမ်းသာပီတိဖြစ်မိပြီး ကျောင်းတက် သင်ကြားသည့်အခါတွင်လည်း ရန်လိုမုန်းတီးခြင်းမရှိဘဲ ပြဿနာတစ်စုံတစ်ရာ မရှိစေရန် ကျောင်းသား၊ ကျောင်းသူများကို တိုက်တွန်းရန်လိုကြောင်းလည်း မူဆလင်ကျောင်းသား ကိုဇော်မင်းထွန်းက ဆက်ပြောသည်။

"ဒီလိုကျောင်းတက်ခွင့်ရလာတာက ဘာကိုမြင်ရလဲဆိုတော့ ရခိုင်ပြည်မှာ ရှိတဲ့လူတွေအပါအဝင် သက်ဆိုင်ရာတွေအားလုံးက မူဆလင်တွေအပေါ်မှာ သဘောထားကြီးလာကြတယ်လို့ ယူဆလို့ရပါတယ်။ နောက်တစ်ခုက ရခိုင်ပြည်မှာရှိတဲ့ လူတွေအနေနဲ့ တစ်ဘက်ကိုတစ်ဘက် အသိအမှတ်ပြု လက်ခံလာတယ်လို့ ထင်ပါတယ်"ဟုပြောသည်။

ယခု ၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွင်း တက္ကသိုလ်နေ့သင်တန်းများကို လာမည့် မေလ ၁၂ ရက်နေ့မှ စတင်ကာ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
(NN-8)

ဆက်စပ် သတင်းများ