စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

စစ်တွေတက္ကသိုလ်စတင်ဖွင့်လှစ်သည့်နေ့တွင် ကျောင်းသားကျောင်းသူများ အကြား ဘာသာ၊လူမျိုး၊ အသားအရောင်မခွဲခြားဘဲ သဟဇာတဖြစ်ရေး ကျောင်းသားများသမဂ္ဂမှ ဖဲကြိုးပြာလူပ်ရှားမှုပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 6.3k


နိရဥ္စရာ၊ မေ ၁၂ / ၂၀၂၂
ယနေ့ စစ်တွေတက္ကသိုလ်ကို စတင်ဖွင့်လှစ်လိုက်နေ့တွင် ကျောင်းသား ကျောင်းသူများအကြားတွင် လူမျိုး၊ဘာသာ၊ကျား/ မ၊အသားအရောင်းမခွဲခြားဘဲ အတူတကွ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ကိုရည်ရွယ်ပြီး ကျောင်းသားများသမဂ္ဂ(စစ်တွေတက္ကသိုလ်)မှ ဖဲကြိုးပြာ ကမ်းပိန်းတစ်ခုကို ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။
ကျောင်းသားများသမဂ္ဂ(စစ်တွေတက္ကသိုလ်)မှ ထုတ်ပြန်သည့် ပို့စ်တွင် “ ၁၂/၅/၂၀၂၂ နေ့တွင် အာရက္ခကျောင်းသား၊သူများအား ကြိုဆိုခြင်းနှင့် ဖဲကြိုးပြာတပ်ဆင်ခြင်း ကန်ပိန်းပြုလုပ်ပါသည်။ ကန်ပိန်းရည်ရွယ်ချက်က-စစ်တွေတက္ကသိုလ်တွင် လူမျိုး၊ဘာသာ၊ကျား၊မ၊အသားအရောင်းမခွဲခြားဘဲ စည်းလုံးညီညွှတ်စွာ၊သဟဇာတကျစွာပေါင်းသင်းဆက်ဆံခြင်းပြီး တက္ကသိုလ်ပညာကို လေ့လာသင်ရန်ဖြစ်သည်” ဟု ဖော်ပြထားသည်။
ရခိုင်ပြည်ကျောင်းသားသမ္မဂ္ဂအဖွဲ့မှ အဖွဲ့ဝင် ကိုမင်းကိုအောင်က " ကျနော်တို့ ဒီနေ့ ကျောင်းစဖွင့်တဲ့ နေ့မှာ ဖဲကြိုးပြာ ကမ်းပိန်းလုပ်တယ်။ အဲဒါက ဘာလို့လဲဆိုတော့ ကျောင်းတွေကိုကိုဗစ်ကြောင့် အကြာကြီး ရပ်နား လိုက်ရတယ်။ အဲ့ဒါကြောင့် ကျနော်တို့က ကျောင်းသားတွေကို ပြန်လည် ကြိုဆိုတဲ့အနေနဲ့ရော၊ ကျောင်းသားကျောင်းသူတွေအကြား အကုန်လုံး ချစ်ချစ်ခင်ခင်နဲ့ ခွဲခြားမှု မရှိ ပညာသင်ကြားနိုင်ရေး အတွက် ရည်ရွယ်ပြီးလုပ်တာပါ" ဟုပြောသည်။
ကျောင်းများဆက်တိုက်ပိတ်ထားခဲ့ရသဖြင့် မတွေ့ဆုံဖြစ်ဘဲ ကွဲကွာနေသော ကျောင်းသား ကျောင်းသားများအားလုံး ပြန်လည်ဆုံတွေ့ရပြီး အတူတကွ ပျော်ပျော်ရွှင်ရွှင် ပညာသင်ကြားနိုင်ရေးအတွက်လည်း ကျောင်းသားများ သမဂ္ဂ(စစ်တွေတက္ကသိုလ်)မှ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သိရသည်။
ကျောင်းပိတ်ထားမှုကြောင့် အသက်သာကြီးလာပြီး ပညာရေး အခွင့်အလမ်းများ ဆုံးရှုံးမည်ကို စိုးရိမ်နေရာမျ ယခုကဲ့သို့ ပြန်လည် တက်ခွင့်ရသည့်အတွက် အလွန်ဝမ်းမြောက်မိသည်ဟု ပထမနှစ်ကျောင်းသူ တက္ကသိုလ်ကျောင်းသူ မဖြူဝေလွင်က ပြောသည်။
" ကျောင်းပိတ်ထားတော့အသက်တွေကြီးလာတယ်။ အသက်၂၀မှ ပထမနှစ် တက်ရတာမျိုးဆိုတော့ ။ ခုလို ပြန်ဖွင့်လို့ ကျောင်းတက်ရတဲ့အတွက် အတိုင်းမသိဝမ်းသာမိတယ်။ ကျောင်းကိုလည်း ဖြောင့်ဖြောင့်ဖြူးဖြူး တက်ချင်တယ်" ဟုပြောသည်။
ယခု ဖွင့်လှစ်သည့် သင်တန်းများတွင် ပါဝင်သည့် အတန်းများမှာ ဘွဲ့ကြိုတန်း၊ ဘွဲ့လွန်တန်းများဖြစ်ပြီး အဆိုပါကာလ အတွင်း အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ထိ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
စစ်တွေတက္ကသိုလ်(နေ့သင်တန်း)များကို ၂၀၂၂ ခုနှစ် မေလ ၁၂ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့အထိ ၃ လကြာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး ဘွဲ့ကြိုတန်း ဖြစ်သော တက္ကသိုလ် စာမေးပွဲအောင်မြင်ပြီး ပထမနှစ် အထူးပြု ဘာသာရပ်များကို ဝင်ခွင့်ရသူများ၊ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ ပထမနှစ် ဂုဏ်ထူးတန်း၊ တတိယနှစ်ဂုဏ်ထူးတန်း၊ ပဥ္စမနှစ်ဂုဏ်ထူးတန်း စသည့်အတန်းများ၏ ဒုတိယ ပညာသင်ကာလကို ဖွင့်လှစ်သင်ကြား သွားမည်ဟု သိရသည်။
ယနေ့ သင်တန်းများကို စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသားအများအပြား ကျောင်းတက်ခဲ့ကြသည်တွေ့ရှိရသလို မတက်ရောက်သူများလည်း ရှိကြောင်း သိရသည်။
ယင်းအပြင် ဘွဲ့လွန်တန်းဖြစ်သော မဟာအရည်ချင်းစစ်သင်တန်း၊ပထမနှစ် မဟာတန်း၊ ဒုတိယနှစ်မဟာတန်းများ၏ ဒုတိယ ပညာသင်ကာလကိုလည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ် ကျောင်းသူ၊ကျောင်းသားများအား ကျောင်းခေါ်ကြိမ် ၇၅ ရာခိုင်နူန်း ပြည့်မှသာလျှင်စာမေးပွဲဖြေဆိုခွင့်ပေးမည်ဟု စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ကိုယ်စား ကျောင်းသားရေးရာဌာနမှ ဌာနမှူး ဦးကျော်နိုင်ဦး လက်မှတ်ရေးထိုးပြီးထုတ်ပြန်ထားသည်။
ကိုဗစ်ကြောင့် ရခိုင်ရှိတက္ကသိုလ်ကျောင်းများကို ၂၀၁၉ မတ်လ ၃ ရက်နေ့ကပင် စတင် ပိတ်ထားခဲ့ခြင်း ဖြစ်ကာ ၂၀၂၁ မေလ ၆ ရက်နေ့ကပြန်ပြီ စစ်တွေ တက္ကသိုလ်တွင် ဝိဇ္ဇာ၊ သိပ္ပံ နောက်ဆုံးနှစ် အတန်း၊ တတိယနှစ်ဂုဏ်ထူးတန်း၊ ပဉ္စမနှစ်ဥပဒေတန်း၊ မဟာအရည်ချင်း စစ်သင်တန်း၊ ပထမနှစ် ဂုဏ်ထူးတန်းနှင့် ဒုတိယနှစ်ဂုဏ်ထူးတန်းတို့ကိုဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ရခိုင်ရှိ စစ်တွေတက္ကသိုလ်အပါအဝင် စစ်တွေနည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ေကျာက်ဖြူ၊) အစိုးရ စက်မှုလက်မှုသိပ္ပံ(သံတွဲ) တောင်ကုတ်တက္ကသိုလ် စသည့်တို့ကိုလည်း အသီးသီးလည်းယနေ့မတ်လ ၁၂ ရက်တွင်ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရသည်။(NN-9)
ဓာတ်ပုံ- ကျောင်းသားများသမဂ္ဂ(စစ်တွေတက္ကသိုလ်)

ဆက်စပ် သတင်းများ