စနေ၊ ဇွန်လ ၂၂ရက်၊ ၂၀၂၄

NLD အစိုးရလက်ထက် တိုင်းရင်းသားရေးရာ ပြည်ထောင်စုဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ မွန်အမျိုးသားနိုင်သက်လွင် ကွယ်လွန်


  • ရေးသူ: Web Master (NN 24)
  • | ရက်စွဲ: ၂၁ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်က တိုင်းရင်းသားရေးရာ ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ယူခဲ့သည့် နိုင်သက်လွင် သည် စက်တင်ဘာလ ၂၀ ရက်နေ့က ရန်ကုန်မြို့ ကန်သာယာ ဆေးရုံ၌ ကွယ်လွန်ခဲ့ကြောင်း သိရသည်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်း ၏ ဖခင်ဖြစ်လည်းဖြစ်သည့် အသက် ၈၃ နှစ်အရွယ်ရှိ နိုင်သက်လွင်သည် နှလုံးရောဂါကြောင့် စက်တင် ဘာလ ၂၀ ရက် ည ၇ နာရီက ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မွန်လူမျိုးတစ်ဦးဖြစ်သည့် နိုင်သက်လွင်သည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ၁၉၄၀ ခုနှစ်တွင် မွေး ဖွားခဲ့ပြီး မော်လမြိုင်တက္ကသိုလ်မှ ဘီအေ (ဒဿနိကဗေဒ) ဘာသာရပ်ဖြင့် ဘွဲ့ရခဲ့ရာကနေ ၁၉၅၈ ခုနှစ် တွင် နိုင်ငံရေးလောကထဲသို့ စတင်ဝင်ရောက်ခဲ့သူဖြစ်သည်။

 

၁၉၈၈ ခုနှစ် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းချိန်၊ ၂၀၁၂ ခုနှစ် မွန်ဒီမိုကရေစီပါတီ MDP၊ ၂၀၁၄ ခုနှစ် မွန်အမျိုးသား ပါတီ MNP အဖြစ်သို့ ပါတီနာမည်ပြောင်းလဲခဲ့ရာတို့တွင် ဒု-ဥက္ကဋ္ဌ တာဝန်များ ကို ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

 

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်အနိုင်ရခဲ့သည့် NLD ပါတီအစိုးရအဖွဲ့တွင် ပြည်ထောင်စု အဆင့်ဝန်ကြီးဌာန ၂၁ ခု ပြင်ဆင်ဖွဲ့ခဲ့စည်းရာတွင် တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် တာဝန်ယူ ဆောင် ရွက်ဖို့ သမ္မတ ဦးထင်ကျော်က အမည်စာရင်းတင်သွင်းခဲ့ကြောင်း သိရသည်။

 

ဒါကြောင့် နိုင်သက်လွင်သည် ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် NLD ပါတီ၏ တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

 

နိုင်သက်လွင်၏ ကြွင်းကျန်ရစ်သည့် ရုပ်ကလာပ်ကို ရန်ကုန်မြို့မှ မော်လမြိုင်မြို့သို့ ပြန်လည်ယူဆောင် ကာ စက်တင်ဘာလ ၂၂ ရက် မနက်ဖြန်သင်္ဂြိုဟ်မည်ဖြစ်ကြောင်းလည်း သိရသည်။ 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!