- Web Master
- ၁၈ အောက်တိုဘာ ၂၀၂၄
စိုးစံအောင်၊ နိရဥ္စရာ၊ မတ် ၃၀ / ၂၀၂၄
ရခိုင်ပြည်၊ ဂွမြို့နယ်တွင် အရှည်ပေ ၅၀ ဝန်းကျင်ရှိ ဝေလငါးတစ်ကောင် သေဆုံးပြီး သန္တာကျောက်တန်း ပေါ်တွင်သောင်တင်နေသည်ကို ယနေ့ နံနက်ပိုင်းကတွေ့ရှိခဲ့ကြောင်း ဒေသခံများက နိရဉ္စရာသတင်းဌာနသို့ပြောသည်။
အဆိုပါဝေလငါးမှာ လောင်းကျိုးကျေးရွာ၏ မြောက်ဘက်တစ်မိုင်ခန့်အကွာ မြအိမ်ရာ စီမံကိန်း အနီးရှိ သန္တာကျောက်တန်းပေါ်တွင် သောင်တင်နေခြင်းဖြစ်ကြောင်း လောင်းကျိုးကျေးရွာသား တစ်ဦးကပြောသည်။
" မြအိမ်ရာ စီမံကိန်းရဲ့ အနီးက ကျောက်တောမှာတင်နေတာပါ။ ဒီနေ့မနက်မှာ တံငါတွေက တွေ့ခဲ့တာပါ။ ကျွန်တော်လည်းသွားကြည့်ပြီး ဓာတ်ပုံမှတ်တမ်းတွေသွားယူခဲ့ပါတယ်။ သေတာ ကြာနေပြီ။ ငါးက ပုပ်ပွနေပါပြီ" ဟု သူက နိရဥ္စရာသတင်းဌာနသို့ပြောသည်။
ယနေ့မနက် ၈ နာရီခွဲကျော်တွင် ဒေသခံရေလုပ်သားများက ဝေလငါးအသေကောင်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါသောင်တင်သေဆုံးနေသည့် ဝေလငါးမှာ အရှည် ပေ ၅၀ ဝန်းကျင်ရှိပြီး လုံးပတ် ၃၀ ပေခန့် အထိရှိနိုင်ကြောင်း သူကဆက်ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလ ၃၁ ရက်ကလည်း ဂွမြို့နယ်၊ ပုန်းညက်ကမ်းခြေတွင် ဝေလငါးသားပေါက် အသေတစ်ကောင်ကို သောင်တင်လျက် တွေ့ရှိခဲ့သေးသည်။
အလားတူ
၂၀၂၀ ခုနှစ် ၊ ဇန်နဝါရီ ၁၅ ရက်ကလည်းမောင်တောမြို့နယ်တောင်ပိုင်း၊ အလယ်သံကျော် ပင်လယ်ကမ်းခြေတွင် အရှည် ၄၆ ပေရှိသော
ဝေလငါးကြီးတစ်ကောင်ကို သောင်တင် သေဆုံးလျက် တွေ့ရှိခဲ့သည်။ (ပုံစာ- ပုတ်ပွသေဆုံးနေသည့် ဝေလငါးအားတွေ့ရစဉ်)