သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်မှ တိုက်ပွဲ ဖြစ်ပွားရာနေရာတစ်ချို့တွင် မြုပ်နှံထားရာမှပေါ်ထွက်လာသည့့်် ခန္ဓာကိုယ် အစိတ်အပိုင်းများတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 3.2k

သိန်းဇော် (မောင်တော) | စစ်တွေ ၁၅/၂ဝ၁၉

ရခိုင်ပြည်နယ် တိုက်ပွဲဖြစ်ပွားရာ မင်းပြားမြို့နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် မြုပ်နှံထားရာမှ လက်၊ ခြေထောက်စသည့် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများ ပေါ်ထွက်လာသည်ကို တွေ့ရှိရသဖြင့် လူထု အကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေကြရကြောင်း သတင်းရရှိသည်။

မင်းပြားမြို့နယ်တွင် စပါးထားကျေးရွာအနီးရှိ တောစပ်တွင် လူသေအလောင်းများ မြုပ်နှံထားရာမှ ဝမ်းဗိုက်၊ လက်တစ်ချောင်းနှင့် တပ်မတော် ယူနီဖောင်းအစအနများကို မြေပေါ်တွင် တွေ့ရှိရသလို ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူနှင့် ကျောက်ဆိပ်ကျေးရွာအကြား ရထားလမ်းဘေးတွင်လည်း အလောင်းများမှ ခန္ဓာကိုယ် အစိတ်အပိုင်းများကို မြေကြီးပေါ်တွင် တွေ့ရှိခဲ့ရသည်ဟု ရွာသားများက ပြောသည်။

စပါးထားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်အောင်က “တိုက်ပွဲဖြစ်ခဲ့တဲ့အနီးမှာ သင်္ဂြိုလ်ခဲ့တာဖြစ်မယ်။ ဘယ်က အလောင်းလည်းဆိုတာ မသိဘူး။  အဲဒီမှာ လက်တစ်ချောင်းနဲ့ ဝမ်းဗိုက်သား ပေါ်နေတာ တွေ့တယ်။ နောက်ပြီး မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ဆံ တစ်လုံးနဲ့ တပ်မတော် ယူနီဖောင်း တွေလည်း တွေ့ရှိရပါတယ်။ ရွာသားတွေက အထူး ကြောက်လန့် စိုးရိမ်နေကြပါတယ်” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဇွန်လ ၃ ရက်နေ့က စပါးထားကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယနေ့ ဇွန်လ ၁၄ ရက်နေ့တွင် ကျေးရွာသားများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ထိုသို့တွေ့ရှိရခြင်းဖြစ်ကြောင်း၊ ကျေးရွာသားများ မသွားရဲ မလာရဲ ဖြစ်နေကြကြောင်း၊ မပေါက်ကွဲသေးသည့် ထိုလက်နက်ကြီးကျည်ဆံအား အမြန်ဆုံး ဖယ်ရှားပေးရန်လည်း ဓာတ်ပုံရိုက်ပြီး မြို့နယ်ထွေအုပ်ရုံးသို့ စာတင် တောင်းဆိုထားကြောင်း သိရသည်။


မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်ကလည်း “ကျနော်တို့ မနေ့က သွားကြည့်ပါတယ်။ လူသေအလောင်း လက်တစ်ဖက်နဲ့ ဝမ်းဗိုက်သား ပေါ်နေတာ တွေ့ခဲ့ပါတယ်။ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ဆံ တစ်လုံးလည်း တွေ့ခဲ့ရပါတယ်” ဟု ပြောဆိုသည်။

တပ်မတော် ယူနီဖောင်းအစအနများအပါအဝင် လူသေအလောင်းတွေ့ရှိမှုနှင့်ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား နိရဥ္စရာသတင်းဌာနမှ ဆက်သွယ် မေးမြန်းရာ ၄င်းက “တပ်မတော်သားအလောင်း ဟုတ်၊ မဟုတ် ကျနော်တို့လည်း မပြောနိုင်ဘူးဗျ။ ဇွန်လ ၃ ရက်နေ့က အဲဒီနားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာမရှိဘူး” ဟု ပြန်လည် ဖြေကြားသွားသည်။

မင်းပြားမြို့နယ် စပါးထားကျေးရွာ ဘုန်းကြီးကျောင်းတွင် ဇွန်လ ၃ ရက်နေ့က ရွာသားများ ဝင်ရောက် ခိုလှုံနေစဉ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ကျေးရွာသား ၈ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး ကျေးရွာသား ၆ ဦးသေဆုံးခဲ့သည်။ ၎င်းအလောင်းများကို မင်းပြားမြို့ပေါ် သင်္ချိုင်းတွင် သင်္ဂြိုလ်ခဲ့သည်။


အလားတူ ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူနှင့် ကျောက်ဆိပ်ကျေးရွာအကြား ရထားလမ်းဘေး အပြာဆန်စက်ကြီး အနီးတွင် များမကြာမီက မြုပ်နှံထားရာမှ ပေါ်ထွက်လာသည့် အလောင်း ၃ လောင်း၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို တွေ့ရှိခဲ့ရပြီး ရွာသားများက တပ်မတော်သားများ၏ အလောင်းဟု ပြောကြားသော်လည်း နိရဥ္စရာသတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိပါ။

ဆက်စပ် သတင်းများ