သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စေတီရင်ပြင်ပေါ်တွင် ပစ်ကျင်းများနောက်ထပ် မတူးကြရန် ဥူးသုဇာတဆရာတော်မိန့်ကြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 4.8k



အင်္ဂါအောင်(ခမီ) ပုဏ္ဏားကျွန်း
ဇူလိုင် ၃/၂ဝ၁၉

ပုဏ္ဏားကျွန်းမြို့နယ် စမ်းမတီးချောင်းဒေသ ထောင်လောင်ပွန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း တောင်ကုန်းတွင် တည်ထား ကိုးကွယ်သော စေတီရင်ပြင်တွင် ပစ်ကျင်းများ တူးထားသဖြင့် နောက်ထပ် မတူးကြရန် ကျောင်းထိုင်ဆရာတော် ဥူးသုဇာတက မေတ္တာရပ်ခံ ပန်ကြားလိုက်သည်။

ဆရာတော်က “ကျောင်းဝင်းအတွင်း တောင်ကုန်းပေါ်က စေတီရင်ပြင်မှာ ပစ်ကျင်း၊ ကာဗာကျင်းသုံးဆယ်ကျော်လောက် တူးထားတာတွေ့ရပါတယ်။ ဘယ်အချိန်ကလာတူးမှန်းလည်း မသိဘူး။ ကျောင်းဝင်းကကျယ်ပြီး စေတီကို ရွာသားကောင်းမှူးနဲ့ တောင်ကုန်းထက်မှာ တည်ထားတာ ဆိုတော့ AA ဘက်ကလား တပ်မတော်ဘက်ကလား ညဘက် လာတူး တာဆိုတော့ မသိလိုက်ဘူး” ဟု မိန့်ကြားသည်။

ဘယ်သူဘဲတူးတူး သာသနာနယ်မြေ စေတီရင်ပြင် ဖြစ်နေသည့် အတွက် တရားလွန်ကြောင်း၊ နောက်နောင်တွင် ယခုကဲ့သို့ အပြုအမှုများ မလုပ်ကြရန် ဆရာတော်ဘုရားက မိန့်ကြားသည်။
ထောင်လောင်ပွန်းကျေးရွာ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ ကျနော်တို့ ရွာသားတွေကိုးကွယ်တဲ့ စေတီရင်ပြင်မှာ အခုလို ပစ်ကျင်းခေါ်မလား။ ကာဗာတွင်းခေါ်မလား။ အဲဒီလိုတူးထားတာ တွေ့ရတော့ ကျနော်အပါအဝင် ရွာသူ ရွာသားတွေကလည်း တော်တော်စိတ်မကောင်းဖြစ်နေကြပါတယ်။  နောက်ထပ်ဒီလိုပုံစံမျိုးမလုပ်ဖို့ ကျနော်တို့ရွာအပါအဝင် မည်သည့် သာသန နယ်မြေမှာမဆို မပြုလုပ်ကြရန် တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။

ရက္ခိုင့်တပ်တော် AA နှင့်တပ်မတော်တို့ ပြီးခဲ့သည့်လကလည်း ထောင်လောင်ပွန်းကျေးရွာ ကျောင်းအနီးတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားရာတွင် ထောင်လောင်ပွန်း ကျေးရွာသား တစ်ဦး သေဆုံးခဲ့သလို ဘုန်းတော်ကြီး ကျောင်းဝင်းတွင်းနှင့် ကဏန်းမဲ ကျေးရွာတွင်လည်း လက်နက်ကြီးများကျရောက်ပေါက်ကွဲကာ ကဏန်းမဲကျေးရွာသားတစ်ဦး သေဆုံးကာ သုံးဦးအထိဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ထိုသို့ ဒဏ်ရာပြင်းထန်စွာ ရရှိသွားသူများအား အရေးပေါ်လူနာအဖြစ် ပုဏ္ဏားကျွန်းမြို့နယ် ဆေးရုံတွင် ဆေးကုသမှုခံယူစေခဲ့ပြီးနောက် စစ်တွေ ကုတင် ၅ဝဝ ဆန့်ဆေးရုံကြီးသို့ထပ်မံ ပို့ဆောင်ကာ ဆေးကုသမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ် စမ်းမတီးချောင်းဒေသတွင် ကျေးရွာ ရှစ်ရွာရှိပြီး ရခို်င်နှင့် ခမီးများ အမျိုးဆုံးနေထိုင်ကာ တောင်ယာ လုပ်ငန်းကို အဓိကထား လုပ်ကိုင်စားသောက်ကြကြောင်း သိရသည်။

ဆက်စပ် သတင်းများ