စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

အကြမ်းဖက်ခံခဲ့ရသည့် နံ့သာတောင်ကျေးရွာနေအိမ်များအား ပြန်လည်နေရာချပေးသော်လည်း နေအိမ်လုံလောက်မှုမရှိသေးဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.8k

သိန်းဇော်(မောင်တော)
စစ်တွေ၊ ဒီဇင်ဘာ ၁၉/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အကြမ်းဖက်ခံခဲ့ရသည့် နံ့သာတောင်ကျေးရွာရှိ နေအိမ်များအား အသစ်ပြန်လည်တည်ဆောက်ပေးသော်လည်း ရွာသားများအတွက် နေအိမ်လုံလောက်မှုမရှိသေးကြောင်း သတင်းရရှိသည်။

ဆောက်လုပ်ပြီးစီးသွားသည့်နေအိမ်အသစ်များကို ဒီဇင်ဘာလ ၁၈ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် နံ့သာတောင်ကျေးရွာအတွင်း နံ့သာတောင်ကျေးရွာအုပ် ချုပ်ရေးမှူး ဦးအထွန်းချေ၊ နံ့သာတောင်ဆရာတော် ဦးစရဏ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်း၊ တောင်ပြိုလက်ဝဲမြို့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့က ရွာသားများထံ မဲစနစ်ဖြင့် ခွဲဝေနေရာချထားပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“နေအိမ်က အားလုံး ၄၂ လုံးပါ။ ရွာသားတွေက ကိုယ့်အိမ် ကိုယ့်ယာကိုတော့ ရောက်သွားကြပြီ။ ရောက်သွားကြတဲ့ ဥစ္စာမှာ အိမ်တွေက လိုနေသေးတယ်။ အရေအတွက်က မမျှဖြစ်နေတယ်။ နေထိုင်မယ့်လူတွေက များနေတယ်။ အိမ်ခြေ ၁ဝဝ လောက်ဆိုရင်တော့ရနိုင်တယ်။ နောက်ထပ် ၅၈ လုံးလောက်ချပေးရင် ကောင်းမယ် ” ဟု နံ့သာတောင်ပညာဒါန ပရဟိတကျောင်း ဦးစီးပဒါန နာယက ဆရာတော် ဦးစာရဏက နိရဥ္စရာ သတင်းဌာနသို့ မိန့်ကြားသည်။

အဆိုပါနေအိမ်ဆောက်လုပ်ခြင်းအား အိန္ဒိယနိုင်ငံအစိုးရ၏ ထောက်ပံ့ငွေဖြင့် အလျား(၂၄)ပေ၊ အနံ(၁၈)ပေ၊ အမြင့်(၁၁)ပေ၊ သွပ်မိုးကွန်ကရစ်ခင်း၊ တစ်ထပ်အိမ် (၄၂)လုံးကို တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး နေအိမ်တစ်လုံးစီ၏ ကုန်ကျငွေတန်ဖိုးမှာ ကျပ် (၁၈ဝ)သိန်း ဖြစ်ကြောင်း မောင်တောမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောသည်။

“ဒီကျနော်တို့မှာ ပြန်လည်နေရာချထားရေးက ၄၂ ဆောင်ဆိုတော့ ၄၂ ဆောင် အတွက်လူတွေကရှိတယ်။ ကျနော်တို့နောက်ထပ် ထပ်တိုးရမယ်ထင်ပါတယ်။ ထပ်တိုးရမယ်ဆိုတာက ရွာသစ်ပြန်ပြီးတော့ ပြန်ချထားပေးချင်တယ်။ အိမ်ခြေနောက်ထပ် ၁ဝဝ လောက်ကိုလိုချင်တယ်။” ဟု ဦးမောင်အုန်းက ပြောသည်။

နံ့သာတောင်ကျေးရွာတွင် အိမ်ခြေ ၄၂ ဆောင်နှင့် လူဦးရေ ၂၅ဝ ခန့်ရှိပြီး ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့တွင် အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟုလည်း သိရသည်။

ဓာတ်ပုံ - တောင်ပြို ပြန်/ဆက်
===========

Unicode -










ဆက်စပ် သတင်းများ