အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ဒဏ်ရာပြင်းထန်စွာရရှိသည့် အမျိုးသမီးငယ်တစ်ဦးကို ဆေးရုံသို့ယူလာစဉ် တိုက်ပွဲကြောင့် လမ်းတွင်ပိတ်မိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 5.8k

သန့်မြတ်ခိုင်
စစ်တွေ၊ မတ် ၁၁/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အောင်သာယာကျေးရွာမှ ကျည်ဆံ ထိမှန်ပြီး ဒဏ်ရာ ရရှိခဲ့သည့် အမျိုးသမီးငယ် တစ်ဦးအား ကျောက်တော်ဆေးရုံသို့ ယူဆောင်လာရာ လမ်းတွင် တိုက်ပွဲများထပ်မံဖြစ်ပွားနေသဖြင့် ဆက်လက်မယူဆောင်နိုင်ဘဲ လမ်းတွင်ပိတ်မိနေကြောင်း သတင်းရရှိသည်။

၎င်းအမျိုးသမီးငယ်မှာ မရီရီသန်း (၁၅) နှစ် ဖြစ်သည်။  သူမမှာ ယမန်နေ့က လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲပြီး  သေဆုံးသွားသည့် မနိုင်နိုင်သန်း၏ ညီမ ဖြစ်ကြောင်း မိသားစုဝင်များက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

မရီရီသန်းအား ယနေ့နံနက်ပိုင်းက မီးဝကျေးရွာမှ ကုန်းလမ်းခရီးဖြင့် ထမ်းပိုး သယ်ယူလာစဉ် လမ်းတွင်တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ပိတ်မိနေခြင်းဖြစ်သည်ဟု လူနာအား သယ်ဆောင်လာသည့် အစ်ကိုတော်စပ်သူ ကိုအောင်စိုးသာက ပြောသည်။

“ဒဏ်ရာက တခန္ဓာလုံးရသွားတာ။ ဦးခေါင်း၊ ပေါင်နှစ်ဘက်၊ လက်နှစ်ဘက် အားလုံးမှာ ဒဏ်ရာ တွေရထားတာပါ။ အခု သူလုံးဝသတိမရ၊ သတိလစ်နေတယ်။ အခုသူ့ကို ကျောက်တော် ဆေးရုံကို ယူဆောင်လာတာပါ။ မီးဝကနေ ယူဆောင်လာရာမှာ အခုမွန်ထောက်ရွာကိုရောက်နေပါတယ်။ တိုက်ပွဲ ဖြစ်နေတဲ့ အတွက် ကျောက်တော်ကို ယူသွားဖို့ အဆင်မပြေဘူး။ လမ်းမှာ တိုက်ပွဲတွေ ထပ်ဖြစ်နေပါတယ်။ ပြီးတော့ လေယာဉ်တွေနဲ့လည်း ပစ်နေတယ်” ဟု ၎င်းက ပြောသည်။

လူနာအားမီးဝကျေးရွာမှ ကျောက်တော်ပြည်သူ့ဆေးရုံသို့ ပိုဆောင်ရန် ကုန်းလမ်းခရီးဖြင့် သယ်ယူလာစဉ် လေယာဉ် ၄ စီးဖြင့်ပစ်ခတ်တိုက်ခိုက်နေသဖြင့် မွန်ထောက် ကျေးရွာသို့  ဝင်ရောက် ပုန်းခိုနေရကြောင်း  ကိုအောင်စိုးသာက ဆက်ပြောသည်။

မီးဝအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ညွန့်က “ ကျောက်တော်ဆေးရုံကို ပို့ဆောင်ရာမှာပစ်ခတ်မှုတွေ ဖြစ်နေတဲ့ အတွက် ရေလမ်းခရီးကနေ သွားလာလို့မရတာကြောင့် ကုန်းလမ်းကနေ လူနာကို ထမ်းပြီး သယ်ယူ သွားတာပါ။ အခု တိုက်ပွဲတွေကြောင့် မယူဆောင်နိုင်ဘဲ လမ်းခရီးမှာ ပိတ်မိနေတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။ 

ကျောက်တော်မြို့နယ်၊ အောင်သာယာကျေးရွာမှ နေအိမ်တစ်လုံးအတွင်းသို့ ယမန်နေ့ ညနေက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မနိုင်နိုင်သန်း သေဆုံးခဲ့ပြီး ရွာသား ခုနှစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်။ မရီရီသန်းမှာ ထိုဒဏ်ရာ ရရှိသူ ၇ ဦးထဲမှ ဒဏ်ရာပြင်းထန်စွာ ရရှိသွားသူ ဖြစ်ကြောင်း သိရသည်။

---------------------------------

Unicode:










ဆက်စပ် သတင်းများ