စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဘူးသီးတောင်မြို့နယ် ကျေးရွာအချို့မှ ရွာသားများ ဘေးကင်းရာသို့ထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 1.6k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇူလိုင် ၁၃/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင် အရှေ့ဘက် တောင်တန်းတွင် တိုက်ပွဲ ဖြစ်ပွားမှုကြောင့် အနီးအနားရှိ ကျေးရွာသားများသည် ရွာကို စွန့်ခွာထွက်ပြေးသွားကြသည်ဟု သတင်းရရှိသည်။

ထွက်ပြေးကြသည့် ကျေးရွာများမှာ စည်တောင်၊ ကံပြင်၊ ဥယာဉ်သာ၊ စံဂိုးတောင် စပါးထား၊ ကွမ်းတောင်၊ သျှစ်သျှားတောင်နှင့် နွားရုံတောင် စသည့်ကျေးရွာများဖြစ်ကြပြီး စေတီတောင်ကျေးရွာသို့ ခိုလှုံ လာကြသည်ဟု နွားရုံတောင် ရွာသား တစ်ဦးက ပြောကြားသည်။

နွားရုံတောင်ကျေးရွာသားတစ်ဦးက “ တိုက်ပွဲက နေ့လယ် ၁ နာရီကျော်လောက်မှာ ဖြစ်ပါတယ်။ တိုက်ပွဲက အချိန် ၁ နာရီဖြစ်ပြီး ရပ်သွားပါတယ်။ တိုက်ပွဲ ဖြစ်ပြီး ရွာဘက်ကို စစ်တပ်က သေနတ်နဲ့ ပစ်ပြီး ဝင်လာတဲ့ အတွက် တစ်ရွာကလူတွေ အကုန်လုံးထွက်ပြေးကြပါတယ်။ နောက်ဆုံး ထွက်ပြေးလာတဲ့သူတွေက ကျွန်တော်ဆီကို အကြောင်းကြားပါတယ်” ဟု အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

တိုက်ပွဲကြောင့် စည်တောင်ရွာမှ ရွာသားများလည်း ထွက်ပြေးခဲ့ကြရသည်ဟု ပြောဆိုသည်။

“ရွာကလူတွေကတော့ စစ်သားတွေ လာတယ်ဆိုတာနဲ့  လုံခြုံမယ့် နေရာတွေကို ထွက်ပြေးကြတော့တာပဲ။ အရင်တုန်းကလည်း  ရွာမှာ  သူတို့ ပစ်ခတ်တာတွေလုပ်လို့ ရွာကလူတွေ သေခဲ့ကြပြီးပြီ။ အဲတော့ သူတို့ လာရင် လူတွေကကြောက်လန့်ပြီး ထွက်ပြေးကြပြီလေ။ အခုလည်း သေနတ်သံ တထောင်းထောင်းကြားနေရပါတယ်။  ဘယ်ကို  ပစ်လို့ပစ်မှန်း မသိပါဘူး” ဟု စည်တောင်ကျေးရွာမှ အမည်မဖော်လိုသူတစ်ဦးက နိရဥ္စရာသတင်းဌာနသို့  ပြောသည်။

စည်တောင်ရွာတွင် ၂ဝ၁၉ ခု မတ်လ ၂၁  ရက်နေ့က စစ်တပ်မှ ပစ်ခတ်မှုကြောင့် ရွာသား ၅ ဦးသေဆုံးခဲ့ရသဖြင့်  ယခု ယင်းရွာရှိ ရွာသူ၊သားများမှာ ထိုကဲ့သို့ဖြစ်မည်ကို စိုးရိမ်ကြောက်လန့်၍ ဘေးကင်းရာသို့ ထွက်ပြေးခိုလုံရ ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

စည်တောင်ကျေးရွာတွင် ကျေးရွာသူ ကျေးရွာသား ၂ဝဝဝခန့်ရှိရာမှ ကြောက်လန့်၍ ထွက်ပြေးသွားကြပြီး ယခုရွာထဲတွင် ကျန်ရှိနေခဲ့သူ သက်ကြီးရွယ်အို ၂ဝခန့် သာရှိသည်ဟု ၎င်းက ပြောကြားသည်။ 

နွားရုံတောင်ကျေးရွာတွင်လည်း စုစုပေါင်း လူဦးရေ ၁ဝဝဝနီးပါးရှိရာမှ ရွာတွင် မသွားလာနိုင်သူ  ၅ ဦးသာ  ကျန်ရှိတော့ကြောင်း သိရသည်။

“ရွာထဲက လူတွေကို မထိခိုက်ဖို့က အဓိကပါပဲ။ စစ်တပ်က စစ်ကြောင်း   တက်လာတယ် ပြောသံကြားတာနဲ့  ကွမ်းတောင်တို့ စံဂိုးတောင် ဒီရွာ တစ်ဝိုက်က လူတွေကလည်း မနေရဲကြလို့ ထွက်ပြေးနေကြတယ်လို့  ကြားပါတယ်။ နှစ်ဖက်တိုက်ပွဲဖြစ်တာက ကိစ္စမရှိဘူးလေ။ ရွာသားတွေကို ထိန်းချုပ်တာတွေ လုပ်တာတော့ မလုပ်စေချင်ပါဘူး။”ဟု ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား   နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိခဲ့ပါ။

ဆက်စပ် သတင်းများ