ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ် ကျောက်ကျပ်နှင့်ညောင်ချောင်းအကြား တိုက်ပွဲဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.1k

သိန်းဇော်(မောင်တော)
စစ်တွေ၊ စက်တင်ဘာ ၉/၂ဝ၁၉

ကျောက်တော်မြို့နယ် ကျောက်ကျပ်နှင့် ညောင်ချောင်းအကြား ကားလမ်းပေါ်တွင် ယနေ့ ညနေ ၄ နာရီခန့်က လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများကို အဆက် မပြတ်ကြားရပြီး တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

ယနေ့ ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပြီးနောက် သေနတ် ပစ်ခတ်သံများကို ကြားခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ ညနေပိုင်း ၄ နာရီခန့်တွင် ကျောက်ကျပ်ကျေးရွာ တံတား အနီး မိုင်းတစ်လုံးပေါက်ကွဲပြီးနောက်  ၄ နာရီမိနစ် ၃ဝ တွင် ညောင်ချောင်း ကျေးရွာရှေ့ အာရှလမ်းမပေါ်တွင် မိုင်းတစ်လုံး ထပ်မံပေါက်ကွဲခဲ့မှုကြောင့် ကျေးရွာအနီး ကပ်ပြီး ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ကျေးရွာသားတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ အခုလည်း ပစ်နေကြပါတယ်။ လက်နက်ကြီး လက်နက်ငယ် တွေနဲ့ ပစ်နေကြပါတယ်။ ကျနော်တို့ရွာနားမှာပစ်နေတာပါ။ လက်နက်ကြီးတွေ ရွာထဲမှာရော ရွာပြင်မှာရောကျတာရှိသလို အနီးလေးကပစ်နေတာဆိုတော့ မြေကြီးတောင်လှုပ်နေတယ်။ အခုကျနော်တို့ အပြင်လည်း ထွက်မကြည့်ရဲဘူး။ အိမ်ထဲမှာ ပုန်းနေရတယ်။ ဘုရားနားမှာလည်း စစ်တပ်ရှိတယ်။ ကျောက်ကျပ် နားမှာ ပေါက်ပြီးတာနဲ့ အဲဒီဖက်က စစ်တပ်က ဘုရားဖက်ကို ပြန်လာတဲ့အချိန် ကျနော်တို့ရွာရှေ့က အာရှလမ်း ထဲမှာ ထပ်ပြီးတစ်လုံးပေါက်တယ်” ဟု အမည်မဖော် လိုသူ ညောင်ချောင်း ကျေးရွာသားတစ်ဦးက ပြောသည်။

ကျေးရွာအနီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ကျောက်ကျပ်ကျေးရွာသားများနှင့် ညောင်ချောင်းကျေးရွာသားများ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်နေကြကြောင်း၊ ထိုပစ်ခတ်မှုဖြစ်စဉ်တွင် ဒေသခံ ကျေးရွာသားများ ထိခိုက်မှုရှိ/မရှိကို အိမ်ထဲမှ အိမ်ပြင် မထွက်ရဲသည့်အတွက် မသိရသေးကြောင်း အဆိုပါညောင်ချောင်းကျေးရွာသားက ပြောသည်။

ထိုသို့ ပစ်ခတ်မှုများနှင့် ပတ်သက်ပြီး သရက်တပင် ကျေးရွာသား တစ်ဦးကလည်း “ လက်နက်ကြီးတွေနဲ့ ပစ်သံ ကြားနေရပါတယ်။ ကျနော်တို့ကြားတာက ညောင်ချောင်းဖက်ကနေ ကြားနေရပါတယ်။ ကျနော်တို့ကြားတာ လွန်ခဲ့တဲ့ နာရီဝက်လောက်ကနေကြားနေရတာ။ ဘာကြောင့် ပစ်နေကြတယ် ဆိုတာကိုတော့ ကျနော်တို့လည်း အတိအကျ မသိရဘူး” ဟုပြောသည်။

လက်နက်ကြီး လက်နက်ငယ်အသံများ ကြားနေရကြောင်း၊ နှစ်ဖက် အပြန်အလှန်တိုက်ပွဲဖြစ်ခြင်းလား တဖက်တည်းမှ ပစ်နေခြင်းလားဆိုသည်ကို အတိအကျမပြောနိုင်ကြောင်း၊ အာရှလမ်းမပေါ်မှ ပစ်ခတ်မှုကြောင့် ကျေးရွာအနီး လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲမှုများလည်းရှိကြောင်း ကျောက်တလုံး ကျေးရွာသားတစ်ဦးက ပြောသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့် ရှိသူ ပထမတန်းစစ်ဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ယနေ့ ညနေ ၅နာရီ ၂၄ မိနစ်က အဆိုပါ တိုက်ပွဲနှင့် ပတ်သက်ပြီး သိရှိ လိုသဖြင့် ဆက်သွယ်မေးမြန်း ခဲ့ရာ ၄င်းအနေဖြင့် ထိုသတင်းအား မကြားသိရသေးကြောင်း ပြေလည် ဖြေကြားသွားသည်။

ဆက်စပ် သတင်းများ