ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

မေယုမြစ်အတွင်းတပ်မတော်သားများစီးလာသောစက်လှေတိုက်ခိုက်ခံခဲ့ရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3.7k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ ၁၁/၂ဝ၁၉

ဘူးသီးတောင်မြို့နယ် သေကံခွဆုံကျေးရွာမှ ရသေ့တောင် မြို့နယ် အိုးဖောက် (အုတ်ဖို) ကျေးရွာဘက်သို့ မေယုမြစ် အတိုင်း ခုတ်မောင်းလာသည့် တပ်မတော်သားများ စီးနင်းလိုက်ပါလာသော အနည်းဆုံး စက်လှေသုံးစီး ယနေ့ နေ့ မွန်းလွဲပိုင်းက ကြားဖြတ်တိုက်ခိုက်ခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

“ ဖြစ်တာက သေကံခွဆုံနဲ့ အိုးဖောက် အနီး မေယုမြစ်ထဲမှာ ဖြစ်တာပါ။ အဲဒီမြစ်နေရာက သုံးပွင့်ဆိုင်နေရာပါ။ ဟိုဘက် ကျွန်တော်တိုရွာက တစ်ဖက်ကမ်း မျက်နာချင်းဆိုင် မော်စွန်းကနေ ပစ်တာပါ။ စက်လှေသုံးစီးလာတာကို မြင်ရတယ်။ သေနတ်သံတွေ ထွက်လာတော့ ကျွန်တော်တို့ ရွာသား တွေလည်း ကြောက်ပြီး ထွက်ပြေးတယ်။ ဘာတွေ ဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့လည်း မသိခဲ့ရဘူး။ AA ပစ်ခတ်တာလို့ ပြောပါတယ်” ဟု အိုးဖောက်ရွာသား တစ်ဦးက ပြောကြားသည်။

သေနတ်ပစ်ခတ်သံများနှင့် အတူ လက်နက်ကြီးကျည်များလည်း ရွာအနီး ကျရောက် ပေါက်ကွဲသဖြင့် ရွာသားများအားလုံး ရွာမှနေ ထွက်ပြေးနေကြရသည်ဟု ၎င်းက ပြောကြားသည်။

“ ကျွန်တော်တို့ရွာက အားလုံးထွက်ပြေးတယ်။ ရတဲ့နေရာကို ထွက်ပြေးကြတာပါဘဲ။ ရွာမှာတော့ ဘုန်းတော်ကြီးနဲ့ သက်ကြီး ရွယ်အို သုံးလေးယောက်လောက်ဘဲ ကျန်ပါတယ်” ဟု ပြောသည်။

ဘူးသီးတောင်မြို့နယ် သေကံခွဆုံကျေးရွာ အုပ်ချုပ်ရေးမှူးအား ဆက်သွယ်မေးမြန်းရာ အဝေးကို ရောက်နေသဖြင့် အသေးစိတ် မသိရှိရသော်လည်း မေယုမြစ်အတွင်း တပ်မတော်သားများ စီးလာသော စက်လှေပစ်ခတ် တိုက်ခိုက်ခံရသည်ဟု သတင်း ရရှိကြောင်း ပြောကြားသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဆက်သွယ်မေးမြန်းရာ သတင်းမရရှိသေးကြောင်း ပြောကြားသည်။

ဆက်စပ် သတင်းများ