ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မင်းပြားမြို့နယ် တိုက်ပွဲ ၃ နာရီကျော်ကြာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3.2k

ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၁၄/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ယနေ့နံနက်က ထပ်မံ ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှာ အချိန် ၃ နာရီကျော်ကြာမှ သေနတ်သံများ တိတ်သွားသည်ဟု ဒေသအတွင်းက အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

“ တိုက်ပွဲဖြစ်တာက ဒီကနေ့ နံနက် ၁ဝနာရီ မိနစ် ၄ဝလောက်ကနေ ဖြစ်တာ မွန်းလွဲ ၂ နာရီလောက်မှ သေနတ်ပစ်ခတ်သံတွေရပ်သွားတယ်။ ဖြစ်တာက  မင်းပြားမြို့နယ် ဒိုင်းသားကျေးရွာ အနောက်ဘက်မြောက်ဘက် တစ်မိုင်ခန့်အကွာ သလူကျိုင် တောင်တန်း အနီးနားဖြစ်တာ။ ရွှေကျင်ရွာကဆိုရင် သုံးမိုင်လောက်တော့ ဝေးမယ်လို့ ခန့်မှန်းရပါတယ်” ဟု ပြောကြားသည်။

ဒိုင်းသား ကျေးရွာသားများမှာ တိုက်ပွဲကြောင့် ရွာကိုစွန့်ခွာ ထွက်ပြေးသွားကြပြီ ဖြစ်သဖြင့် ရွာသားများကို ဆက်သွယ်မေးမြန်း၍ မရရှိခဲ့ပါ။

စက်တင်ဘာ ၁၃ ရက်နေ့ နံနက် ၈ နာရီကျော်ကလည်း လက်ရှိတိုက်ပွဲဖြစ်ရာနေရာ အနီး ရွှေကျင်ကျေးရွာနှင့် ဒိုင်းသားရွာအကြား ကျော်ကချောင်း အတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ယနေ့တွင် ထပ်မံဖြစ်ပွာခြင်းဖြစ်ကြောင်းသိရသည်။

တိုက်ပွဲ ဖြစ်ပွားရာ အနီးရှိ ပြင်ယောင်းကျေးရွာ အုပ်ချူပ်ရေးမှူးသို့ ဆက်သွယ်ရာ သူက “ ရွာကနေ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရပါတယ်။ ကျနော်တို့ ရွာစာသင်ကျောင်းက ကျောင်းသားကလေးတွေ ကြောက်နေလို့ ကျနော်က မကြောက်ဖို့ပြောထားပါတယ်။ ကျနော်တို့နဲ့ ၂ မိုင်ဝေးလို့ အန္တရာယ် မရှိဘူး ဆိုတာသွားပြောထားပါတယ်” ဟုပြောသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချူပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးအား ဆက်သွယ်မေးမြန်းရာ ၎င်းက ” ကျနော်ဆီ သတင်းမရသေးပါဘူး။ တိုက်ပွဲ ဖြစ်နေတယ်ဆိုလည်း ဟုတ်မှာပါ။ အဲဒီနေရာတွေက AAတွေ ကျက်စားရာနေရာတွေ ဆိုတော့ တိုက်ပွဲဖြစ်နေတာ ဟုတ်မှာပါ။ ပြည်သူတွေ ထိခိုက်နေလားတော့ ကျနော်လည်း သတင်းမရသေးလို့ မသိပါဘူး” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

မင်းပြားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စလှယ် ဦးလှသိန်းအောင်က “တိုက်ပွဲ ဖြစ်နေတာ ဟုတ်ပါတယ်။ ကျနော်ကိုလည်း အဲဒီနားက ရွာက ဖုန်းဆက်လာပါတယ်။ နှစ်ဖက်ဖြစ်နေတာလို့သိရပါတယ်။ နှစ်ဖက်စလုံးကို ကျနော့်အနေနဲ့ ပြောချင်တာက ပြည်သူတွေကို မထိခိုက်စေချင်ဘူးလို့ပြောချင်ပါတယ်” ဟု နိရဥ္စရာ သတင်းဌာနအားပြောသည်။

အဆိုပါ ဖြစ်စဉ် နှင့် ပက်သက်၍ ရက္ခိုင့်တပ်တော် (AA) မှ ပြောရေးဆိုခွင့် ရှိသူ ခိုင်သုခအား နိရဥ္စရာမှ ဆက်သွယ်ရာ ဆက်သွယ်၍ မရရှိခဲ့ပါ။

ယခုတိုက်ပွဲသည် ရှမ်းပြည်နယ် အရှေ့ကိုင်း ကျိုင်းတုံမြို့တွင် မြန်မာ အစိုးရ ကိုယ်စားလှယ်များနှင့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့တို့ စက်တင်ဘာ  ၁၇ နေ့တွင်  ထပ်မံတွေ့ဆုံ ဆွေးနွေး ရန် နှစ်ရက်အလိုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဆက်စပ် သတင်းများ