ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ညဉ့် ၁ နာရီတွင် ဖြစ်ပွားသော ပစ်ခတ်မှုအတွင်း ကျောက်တော်ဒေသခံ ၅ ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 724

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ ၁၅/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ဖြစ်ပွားခဲ့သော ယနေ့ နံနက် အစောကြီး ညဉ့်အချိန် ပစ်ခတ်မှု အတွင်း အရပ်သား ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုအထဲမှ ၄ ဦးကို ကျောက်တော်ဆေးရုံကို ပို့ဆောင်ကုသနေရသည်ဟု သတင်းရရှိသည်။

ဒဏ်ရာရသူများမှာ ကျောက်တော်မြို့နယ် သင်္ဂနက်ကျေးရွာမှ ဦးရွှေထွန်းသိန်း (၃၄)နှစ်၊ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ညိုမာ (၃၂) နှစ်၊ ဦးမောင်မောင်သန်း (၃၈) နှစ်နှင့် စံပယ်လှရွာက မောင်နှမ ၂ ဦးတို့ဖြစ်ကြသည့် ဦးစံလှကျော် (၄၈) နှစ်နှင့် အစ်မ ဖြစ်သူ ဒေါ်ပုလဲစိန် (၅ဝ) နှစ် ဝန်းကျင်တို့ ဖြစ်ကြောင်း သိရသည်။

သင်္ဂနက်ကျေးရွာမှ ဒဏ်ရာရသူ ၃ ဦးအထဲတွင် ဦးရွှေထွန်းသိန်း ဒဏ်ရာမှာ ပြင်းထန်ပြီး စိုးရိမ်ရကြောင်း၊ ဦးမောင်မောင်သန်း၏ ဒဏ်ရာမှာ မပြင်းထန်သဖြင့် ဆေးရုံသို့ ပို့ဆောင်ကုသစရာမလိုကြောင်း ဦးရွှေထွန်းသိန်း၏ အစ်ကိုဖြစ်သူ ဦးစောသိန်းမောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

စံပယ်လှကျေးရွာမှ မောင်နှမ ၂ ဦးတွင် ဒေါ်ပုလဲစိန်မှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

“ ဖြစ်တာက ညဉ့် ၁ နာရီလောက်မှာပါ။ ရေတပ်သင်္ဘောကနေ ပစ်တာပါ။ သူတို့က ပစ်ပြီး ကုလားတန်မြစ် အထက်ဘက်ကို တက်လာပါတယ်။ လက်နက်ကြီး လက်နက်ငယ်တွေပစ်ပြီး တက်လာပါတယ်။ ရွာသားတွေ အကုန်လုံးကို ပုန်းနေရပါတယ်။ ကျနော် အစ်ကိုတို့ကတော့ အိပ်နေစဉ် လက်နက်ကြီး ပစ်တာနဲ့ ကျည်စတွေ လာထိတာပါ။ နာရီဝက်လောက်ပစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ဒေသအတွင်း သတင်းများအရ ကုလားတန်မြစ်အတွင်းမှ ရေတပ်သင်္ဘော ၂ စီးကို ရက္ခိုင့်တပ်တော်(AA) က ညဉ့်အချိန် တိုက်ခိုက်ခဲ့ပြီးနောက် ရေတပ်သင်္ဘောတစ်စီးမှ လက်နက်ကြီး လက်နက်ငယ်များဖြင့်  ပြန်လည် တုံ့ပြန်ပစ်ခတ်ပြီး ကုလားတန်မြစ်အတိုင်း တက်လာစဉ်အတွင်း ထိမှန်ခြင်း ဖြစ်ကြောင်း သိရသည်။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးထွန်းဝင်းက “ လူလေးဦး အခု ကျောက်တော်ဆေးရုံကို ရောက်နေတယ်။ ၂ ဦးက သင်္ဂနက်ရွာက၊ နောက် ၂ဦး စံပယ်လှရွာက ဖြစ်ပါတယ်။ အဲဒီ ၄ ဦးထဲက တစ်ဦးကတော့ ဒဏ်ရာပြင်းထန်တဲ့ အတွက် စစ်တွေဆေးရုံကို ယူဖို့လုပ်နေတယ်။ အဲဒီရွာတွေက ကျောက်တော်အောက်ဘက် ကုလားတန်မြစ် အနောက်ဘက်ခြမ်းတည်ရှိပါတယ်” ဟု ပြောကြားသည်။

ယခုအခင်းဖြစ်ပွားရာ နေရာသည် ကျောက်တော်အောက်ဘက် အပေါက်ဝကျေးရွာအကြားတွင် ဖြစ်ကြောင်း သိရသည်ဟု ဦးထွန်းဝင်းက ပြောကြားသည်။

ဆက်စပ် သတင်းများ