ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ် အမျှက်တောင်တိုက်ပွဲ ပြင်းထန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.7k

နိရဥ္စရာ၊ စက်တင်ဘာ ၁၅/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အမျှက်တောင်ကျေးရွာ အနီးတွင် ယမန်နေ့ ညနေ ၅ နာရီကျော်မှ ညဉ့်၉ နာရီ နီးပါးထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှာ ပြင်းထန်ကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲမှာ အမျှက်တောင်ကျေးရွာ အနောက်ဘက်တောင်အနီးတွင် ဖြစ်ပွားခဲ့ပြီး နှစ်ဖက် တပ်ဖွဲ့များ အနီးကပ် အချိန်အကြာကြီး တိုက်ခိုက်ခဲ့ကြသည်သည်ဟု  ဒေသခံ တစ်ဦးက ပြောကြားသည်။

“ ဖြစ်တာ ညနေ ၅ နာရီကျော်က လက်နက်သံတွေ စကြားရပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်၊ စက်လက် ပစ်သံတွေအကုန်လုံးကြားရပါတယ်။ ညဉ့် ၉ နာရီ မထိုးခင်ထိ ကြိုးကြား ကြိုးကြား အတွဲလိုက်ပစ်ခတ်သံတွေကို ကြားရပါတယ်။ ညဉ့် ၉ နာရီလောက်မှ သေနတ်သံတွေ တိတ်သွားပါတယ်” ဟု ၎င်းဒေသခံက ပြောကြားသည်။

တိုက်ပွဲ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အမျှက်တောင်ရွာသို့ ဆက်သွယ်ကြည့်ရာ ရွာသားများမှာ ရွာကနေ ထွက်ပြေးပြီး ရွာပြင်တွင် ရောက်ရှိနေကြသည်ဟု ပြောကြားသည်။

“ ရွာထဲမှာတော့ တစ်ယောက်လည်း မရှိတော့ဘူး။ ဘုန်းတော်ကြီးကျောင်းထဲမှာဘဲ အရင် မီးလောင်တဲ့ မိသားစုတွေလောက်ဘဲကျန်နေခဲ့ပါတယ်။ အခု ဘုန်းတော်ကြီး ကျောင်းကို စစ်တပ်က ရောက်နေပြီး သူတို့ကို ကျောင်းပြင်ကို မထွက်ဖို့ ပြောထားတယ်လို့ သတင်းရပါတယ်။ ကျန်တာတွေတော့ ကျနော်တို့လည်း ဘာမှ မကြားရပါဘူး” ဟု အမျှက်တောင်ရွာလူကြီး တစ်ဦးက ယနေ့နံနက် ၈ နာရီခန့်က ဆက်သွယ်မေးမြန်းစဉ် ပြောသည်။

ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားသည့် တပ်မတော် စစ်ကြောင်းမှာ ပြိန်းတောကျေးရွာမှ အမျှက်တောင်ကျေးရွာဘက်သို့ လာစဉ် အမျှက်တောင်မရောက်မီ ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောကြားသည်။

ဆက်စပ် သတင်းများ