ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်မှမြို့နယ်နှစ်ခုအတွင်း တိုက်ပွဲထပ်မံဖြစ်ပွား၊ ဒဏ်ရာ ၃ ဦးရ၊ တစ်ဦးကို စစ်တွေဆေးရုံသို့အရေးပေါ်ယူဆောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 421

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ ၃ဝ/၂ဝ၁၉

ရခိုင်ပြည်နယ်မှ ကျောက်တော်နှင့် ဘူးသီးတောင်မြို့နယ် ၂ ခုတွင် စက်တင်ဘာ ၂၉ ရက်နေ့က မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲများ ထပ်မံ ဖြစ်ပွားခဲ့ပြီး ကျောက်တော်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ဒေသခံသုံးဦး ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့သည်။

ကျောက်တော်မြို့နယ်မှ ဒဏ်ရာရရှိသူ သုံးဦးမှာ မီးဝ ကျေးရွာမှ ဦးသာထွန်းဦး (၆၃) နှစ်၊ မောင်နိုင်လင်းစိုး (၂၂) နှစ်နှင့် မီးဝ ကျေးရွာနှင့် ကပ်ရပ်တည်ရှိသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးဝရွာသစ်မှာ သောင်းဌေးတွင် ခြေထောက်တွင် အနည်းငယ် ဒဏ်ရာရရှိသွားခဲ့သည်ဟု ဒဏ်ရာရရှိသူ မောင်နိုင်လင်းစိုး ဖခင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ ကျွန်တော်တို့သားဖနှစ်ယောက်က ဆောင်းသီးနှံ စိုက်ပျိုးဖို့ ဟင်းခင်ထွန်နေကြတာပါ။ ဖြစ်တာက နံနက် ၈ နာရီလောက်မှာ စဖြစ်တာပါ။ ၉ နာရီလောက်ထိ ဖြစ်ကြပါတယ်။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်သံကိုဘဲ ကြားရပါတယ်။ ကျွန်တော်တို့ သရက်ပင်အောက်မှာ ပုန်းနေစဉ် ကျည်ဆံက ကျွန်တော်သား ဦးခေါင်းကို ရှပ်ထိမှန်သွားခဲ့ပါတယ်။ ဒဏ်ရာက သိပ်မပြင်းပေမယ့် ကျောက်တော်ဆေးရုံကို ယူဆောင်ရမှာ ဖြစ်ပါတယ်။ အခုတော့ ရွာက သားဖွားဆရာမက ဒဏ်ရာကို ဆေးထည့်ပေးထားပါတယ်” ဟု မောင်နိုင်လင်းစိုး ဖခင်က ပြောသည်။

မောင်နိုင်လင်းစိုးအား ဒဏ်ရာရရှိသည်နှင့် ချက်ချင်း ကျောက်တော်ဆေးရုံသို့ ယူဆောင်လိုသော်လည်း လမ်းတွင် စစ်လား၊ မေးလားလုပ်မည်ကို စိုးရိမ်သဖြင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် တာဝန်ရှိသူများကို အကြောင်းကြားပြီး စက်တင်ဘာ ၃ဝ ယနေ့မှ လိုင်းဘုတ်ဖြင့် ကျောက်တော်မြို့သို့ ယူဆောင်ရမည်ဟု ၎င်းက ပြောကြားသည်။

နောက်ထပ် ဒဏ်ရာရရှိသူ ဦးသာထွန်းဦးကို ကျောက်တော်သို့ ချက်ချင်းယူဆောင်ခဲ့ရပြီး အခြေအနေမှာ စိုးရိမ်းရသဖြင့် စစ်တွေဆေးရုံကြီးသို့ ထပ်မံ ယူဆောင်ခဲ့ရသည်ဟု သိရသည်။

စစ်တွေသို့ ရောက်ရှိနေသည့် ဆွေမျိုးတော်စပ်သူ တစ်ဦးအား နိရဥ္စရာက ဆက်သွယ်မေးမြန်းရာ ၎င်းက “ ဒဏ်ရာကို ချုပ်နေရပါတယ်။ အခု စစ်တွေဆေးရုံမှာပါ။ ဒဏ်ရာက ညာဘက် ကျောကုန်းက ဝင်သွားပါတယ်။ ကျည်ဆံကို ထုတ်ပြီးပြီလို့ သိရပါတယ်။ သူရဲ့ ဒဏ်ရာက အခြေအနေက ဘယ်လိုဆိုတာကို မပြောနိုင်သေးပါဘူး။ ပစ်တာက ရေတပ် ဇက်ပေါ်ကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းပစ် ပစ်ခဲ့ပါတယ်။ တစ်ရွာလုံးကို ရမ်းပစ်တဲ့ အတွက် တစ်ရွာလုံး ထိပါတယ်။ အိမ်တွေလည်း အထိအခိုက်တော်တော်များပါတယ်” ဟု ပြောကြားသည်။

မီးဝကျေးရွာမှာ အိမ် ၅ လုံး၊ ၆ လုံး ကျည်ဆံထိမှန် ပျက်စီးခဲ့သည်ဟု သိရသည်။

ကျောက်တော်မြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက မီးဝ ကျေးရွာအနီး ကုလားတန်မြစ်အတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့သည်မှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။

“ ကျွန်တော်တို့ ကုလားတန်မြစ်အတွင်း မီးဝ ကျေးရွာအနီးမှာ ရေလမ်းကြောင်း လုံခြုံရေး  လုပ်နေတဲ့ တပ်ဖွဲ့ တစ်ဖွဲ့ကို အေအေကနေ မီးဝရဲ့ အနောက်ဘက်ကြောကနေ လှမ်းပစ်တယ်။ မီးဝရွာအထွက်လောက်ကနေပစ်တာ။ ပစ်တဲ့ အတွက်ကြောင့်မို့လို့ သူပစ်ကိုယ်ပစ် ပြန်ပစ်တာတော့ရှိတယ်။ သိပ်တော့ မကြာဘူး။ ၁၅ မိနစ်၊ မိနစ် ၂ဝ လောက်ဘဲ ကြာတယ်။ ရွာသားတွေ မှန် မမှန်တော့ ကျွန်တော်လည်း မသိဘူး” ဟု ပြောကြားသည်။

၎င်းပြင် ဘူးသီးတောင်မြို့နယ် နွားရုံတောင် ကျေးရွာအနီးတွင်လည်း စက်တင်ဘာ ၂၉ ရက်နေ့က နေ့ခင်း ၁၂ နာရီမှ ညနေ ၃ နာရီထိ ဖြစ်ပွားခဲ့ကြောင်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောကြားသည်။

ဒေသခံများကမူ တိုက်ပွဲမှာ ဘူးသီးတောင်မြို့နယ် နွားရုံတောင်နှင့် ကွမ်းတောင်အကြားတွင် နံနက် ၈ နာရီ ၄၅ မိနစ်မှ စပြီး နံနက် ၁၁ နာရီထိ ဖြစ်ပွားခဲ့ပြီး ၎င်းနောက်ပိုင်း ဘူးသီးတောင် တပ်နယ်မြေမှ လက်နက်ကြီးများဖြင့် ညနေ  ၃ နာရီကျော်ထိ ပစ်ခတ်ခဲ့သည်ဟု ပြောကြားသည်။


ဆက်စပ် သတင်းများ