ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

တပ်မတော်စစ်ကြောင်း ကျောက်တော်-သရက်တစ်ပင်ကျေးရွာအနီး မိုင်းခွဲတိုက်ခိုက်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 9.8k

သိန်းဇော်(မောင်တော)
နိရဥ္စရာ၊ နိုဝင်ဘာ ၁၃/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တစ်ပင်ရွာအနီးရှိ တံတားဦးတွင် တပ်မတော်စစ်ကြောင်း တစ်ခု ဖြတ်သွားစဉ် မိုင်းခွဲ တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

၎င်းမိုင်းခွဲတိုက်ခိုက်မှုမှာ ယနေ့ နေ့လယ် ၁၂ နာရီ မိနစ် ၂ဝ ခန့်တွင် သရက်တစ်ပင် စျေးအနီးရှိ တံတားဦးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

သရက်တစ်ပင် ကျေးရွာသား တစ်ဦးက “ မိုင်းပေါက်တာက တစ်လုံးတည်းပေါက်တာပါ။ ကျောက်တော် အခြေစိုက် အမှတ် ၃၇၄ တပ်ရင်းကလို့ ပြောပါတယ်။ ဒီတံတားက သရက်တစ်ပင် ကျေးရွာ ရွာဦး သရီချောင်းကူးတံတားပါ။ စစ်တွေ ရန်ကုန်ကားလမ်းပေါ်မှာပါ။ ပြောရရင် သရက်တစ်ပင်နဲ့ မဟာမုနိ ဘုရားကြားမှာ ရှိတဲ့ တံတားပါ။ မိုင်းပေါက်ကွဲပြီးတဲ့နောက် လက်နက်ငယ်နဲ့ ပစ်ခတ်မှု တစ်ချို့ရှိခဲ့ပါတယ်။ တပ်ဘက်က ထိခိုက်မှု ရှိသလားဆိုတော့ သတင်းတွေတော့ အမျိုးမျိုးထွက်နေပါတယ်။ အရပ်သားတွေ အတိအကျ မသိနိုင်ပါဘူး။ ပေါက်သံကြားတာနဲ့ လူတွေက အိမ်ထဲမှာဘဲ ဝင်နေကြတော့ ဘာမှ မသိရပါဘူး။ အရပ်သားတွေတော့ တစ်စုံတစ်ရာ ထိခိုက်မှု မရှိပါဘူး” ဟု ပြောကြားသည်။

ထိုသို့ မိုင်းပေါက်ကွဲပြီး ပစ်ခတ်မှု ဖြစ်ပွားသဖြင့် ရန်ကုန်- စစ်တွေကားလမ်းပေါ်တွင် ကားအသွားအလာများ ရပ်ဆိုင်းသွားပြီး ညနေ ၄ နာရီလောက်မှ ကားလမ်းပြန်ပွင့်သည်ဟု ၎င်းက ပြောကြားသည်။
 
သရက်တပင်ကျေးရွာသား နောက်တစ်ဦးသို့ ဆက်သွယ်ရာ ၎င်းက “ဘယ်သူတွေက ခွဲတယ်ဆိုတာကို ကျနော်တို့လည်းမသိဘူး။  ရွာကလူတွေတော့ ထိခိုက်ဒဏ်ရာရတာမရှိပါ။ ကျနော်တို့ ကောလ ဟာလ သတင်းကြားရတာကတော့ တပ်ဖက်က ၄ ယောက်လောက် နာသွားတယ်လို့ ကြားတယ်။ အရာရှိတစ်ဦးလည်း ပါသွားတယ်လို့ ကြားတယ်။ အတိအကျတော့ ဘယ်ပြောနိုင်မလဲ။ ဖြစ်တယ်ဆိုတာနဲ့ ဘယ်သူမှ အပြင်မထွက်ရဲတော့ မသိဘူးလေ။ ” ဟု ပြောသည်။

လက်ရှိတွင် မိုင်းပေါက်ကွဲသည့် တံတားဦးနှင့် သရက်တပင်ကျေးရွာအတွင်း တပ်မတော်စစ်ကြောင်းက နေရာယူလျက်ရှိနေကြောင်း၊ ကျေးရွာအတွင်း တပ်မတော်စစ်ကြောင်းရှိနေသော်လည်း အခြေအနေက တည်ငြိမ်နေကြောင်း ၎င်းကျေးရွာသားက ဆက်လက်ပြောဆိုသည်။

သရက်တပင်ကျေးရွာမှ အမည်မဖော်လိုသူအမျိုးသမီး တစ်ဦးကလည်း “အတိအကျတော့မသိဘူး။ ခါတိုင်းဖြစ်တဲ့ တံတားနားမှာဘဲ မိုင်းပေါက်သံကြားပါတယ်။ ကြားလိုက်ရတာက တစ်လုံးတည်းပါ။ မိုင်းပေါက်ပြီးတာနဲ့ အဲဒီအနားမှာ သေနတ်ပစ်သံလည်း ၄ ချက် ၅ ချက်လောက်ပစ်သံကြားလိုက်ရပါတယ်” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း တပ်မတော်ဘက်က ထိခိုက်မှုများရှိခဲ့သည်ဟု ဒေသခံများအကြား သတင်းထွက်ပေါ်နေသဖြင့် အတည်ပြုချက်ရယူနိုင်ရန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပထမတန်းစစ်ဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ယနေ့ ညနေပိုင်း ၅နာရီ မိနစ် ၄ဝ ခန့်က ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဧရိယာပြင်ပသို့ ရောက်ရှိနေကြောင်း ဖုန်းထဲမှ အကြောင်းပြန်ကြားသဖြင့် အဆိုပါ မိုင်းခွဲ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မေးမြန်း တင်ပြနိုင်ခြင်း မရှိသေးပါ။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က မိုင်းပေါက်ကွဲမှု ဖြစ်ပွားခြင်းကို အတည်ပြုပြီး စစ်တပ်ဘက်က လက်နက်ငယ်ဖြင့် ပစ်ခတ်မှု အနည်းငယ်ရှိခဲ့သည်ဟု ပြောကြားသည်။

“ သရက်တစ်ပင်က စျေးဆိုင်တွေလည်း အကုန်လုံးပိတ်သွားတယ်။ ကားအသွားအလာတွေလည်း ညနေပိုင်းထိ ရပ်ဆိုင်းသွားတယ်။ အထိအခိုက်ရှိတယ်လို့တော့ ဒေသအတွင်းမှာ သတင်းတွေ ထွက်နေတယ်။ အခုထက်ထိ တံတားထိပ်မှာရော၊ အနီးအနားက ရွာတွေမှာရော စစ်တပ်က လုံခြုံရေး ယူထားတုန်းလို့ သိရပါတယ်” ဟု ဦးထွန်းသာစိန်က ပြောကြားသည်။

သရက်တစ်ပင်ကျေးရွာ၏ လက်ရှိ အခြေအနေမှာ တည်ငြိမ်နေပြီး ကျေးရွာသားများအား စစ်တပ်က တစ်စုံတစ်ရာ အနှောင့်အယှက်ပေးခြင်း၊ ဖမ်းဆီးခြင်းများ မရှိဟု ကျေးရွာ လူကြီး တစ်ဦးက ပြောသည်။

------------------------------

Unicode



နိရဉ်စရာ၊ နိုဝငျဘာ ၁၃/၂ဝ၁၉




 







ဆက်စပ် သတင်းများ