သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မြောက်ဦးသပြေကန်ကျေးရွာအနီး တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းခွဲတိုက်ခိုက်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.2k

သိန်းဇော်(မောင်တော)
စစ်တွေ၊ နိုဝင်ဘာ ၂၉/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ သပြေကန် ကျေးရွာအနီး တပ်မတော်စစ်ကြောင်းတစ်ခု ယနေ့ နံနက်ပိုင်းက မိုင်ဖောက်ခွဲ တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

မြောက်ဦးမြို့နယ်၊ သပြေကန်ကျေးရွာအရှေ့ဘက် ပေ ၁ဝဝဝခန့်အကွာ စစ်တွေ- ရန်ကုန်ကားလမ်း (အာရှလမ်းမကြီး) ပေါ်တွင် ယနေ့ နံနက် ၇ နာရီခွဲခန့်က ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု တိမ်ညိုကျေးရွာသားတစ်ဦးက ပြောသည်။

“ပေါက်ကွဲမှုဖြစ်တာကို ကျနော်ကြားလည်း ကြားတယ်။ မြင်လည်းမြင်တယ်။ လင်းမြွေတောင်ကနေဆင်းလာတဲ့ စစ်ကြောင်းတစ်ခုက သပြေကန်နားကို မရောက်ခင် တိမ်ညိုဆေးရုံရှေ့၊ တိမ်ညိုစစ်ဘေးရှောင်စခန်းနဲ့ဆိုရင် မြေအနေအထားအရ ရှေ့ဆိုင်ကျတယ်ဆိုပေမယ့်လည်း နည်းနည်းတော့ ဝေးသေးတယ်။ အဲဒီ အနားကိုအရောက်မှာ မိုင်းကပေါက်ကွဲတာ။ ပေါက်တယ်ဆိုတာနဲ့ အဲဒီနားမှာ အရပ်ရှစ်မျက်နှာကို အားလုံး ဖြိုပြီးပစ်တာ” ဟု ၎င်းက ပြောသည်။

ထိုနေရာအနီးတွင် တပ်မတော်စစ်ကြောင်းမှ ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်သည့်အတွက် စိုးရိမ် ကြောက်လန့်မှုများလည်း ရှိနေကြကြောင်း ဒေသခံများက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် လင်းမြွေတောင်ဘက်မှ တပ်မတော်စစ်ကြောင်းတစ်ခု ထပ်မံရောက်ရှိလာကြောင်း၊ ဖောက်ခွဲတိုက်ခိုက်ခံရသည့် အနီးပတ်ဝန်းကျင်အား  ရမ်းသန်း ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ၊ထိုသို့ ရမ်းသန်း ပစ်ခတ်မှုများကြောင်း အနီးမှကျေးရွာရှိ နေအိမ်များတွင် လက်နက်ငယ်ကျည်ဆံများထိမှန်မှုရှိကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံကျေးရွာသားဦးက ပြောသည်။

တိမ်ညိုစစ်ဘေးရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦးက “ ပေါက်သံတော့ကြားလိုက်ရပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့နေရာနဲ့ စခန်းနဲ့က သိပ်မဝေးဘူး။ ပေါက်ကွဲမှုဖြစ်ပြီးတာနဲ့ အဲဒီအနားမှာ စစ်တပ်က လက်နက်ငယ်တွေနဲ့ ပစ်တယ်။ စစ်ဘေးရှောင် စခန်းထဲကိုတောင် ကျည်ဆံတွေကျတယ်။ အခုတော့အေးဆေးငြိမ်သွားပါပြီး။ ဖြစ်တဲ့အချိန်မှာ စခန်းထဲ လက်နက်ငယ် ကျည်ဆံတွေလာကျတော့ လူတွေက ကြောက်ပြီးတော့ ရုတ်ရုတ်သဲသဲဖြစ်သွားကြတယ်” ဟု ပြောသည်။

တပ်မတော်စစ်ကြောင်းမှ အရပ်ရှစ်မျက်နှာသို့ ရမ်းသန်းပစ်ခတ်မှုများပြုလုပ်သည့်အတွက် အနီးမှ သပြေကန် ကျေးရွာသားများ၊ တိန်ညိုကျေးရွာသားများနှင့် တိန်ညိုစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များ အပါအဝင်မည်သူမှ အပြင်မထွက်ရဲဖြစ်နေကြကြောင်း ဒေသခံကျေးရွာသားများက ပြောဆိုချက်အရ သိရသည်။

---------------------------

Unicode:











ဆက်စပ် သတင်းများ