စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

မင်းပြားမြို့တွင် ရာမောင်တံတားထိပ် လုံခြုံရေးစခန်းကို AA ဝင်တိုက်၊ ကားအသွားများယာယီရပ်ဆိုင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3.8k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၃ဝ/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ ရာမောင်တံတားအား လုံခြုံရေးယူထားသော စစ်စခန်းကို ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၇ နာရီခွဲခန့်က ဝင်တိုက်ခဲ့သဖြင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

တိုက်ပွဲမှာ ယနေ့ နံနက် ၇နာရီခွဲခန့်မှ စတင်ဖြစ်ပွားခဲ့ပြီး ညနေပိုင်းထိ ပစ်ခတ်သံများကို ကြားခဲ့ရသည်ဟု ဒေသခံများက ပြောဆိုသည်။

“ တိုက်ပွဲဖြစ်တာက နံနက် ခုနှစ်နာရီခွဲ၊ ရှစ်နာရီလောက်က စဖြစ်တယ်။ ဟိုဘက်ဒီဘက် ပစ်ကြတယ်။ တပ်ဘက်ကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တာကတော့ ညနေ ၃ နာရီကျော်၊ ၄ နာရီလောက်မှ ရပ်သွားပါတယ်။ ဘယ်သူမှ အနားမသွားရဲတဲ့ အတွက် ဘာဖြစ်နေတယ်ဆိုတာကို မသိရဘဲ ဖြစ်နေပါတယ်” ဟု တိုက်ပွဲ ဖြစ်ပွားရာ နေရာနှင့် ကပ်ရပ်တည်ရှိသည့် ဖားပြိုရွာသား တစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားသဖြင့် အန္တရာယ်ဖြစ်မည်ကို စိုးရိမ်၍ ဖားပြိုရွာမှ သက်ကြီးရွယ်အိုများမှ အပ ကျန်တစ်ရွာသားလုံး ရွာကို စွန့်ခွာထွက်ပြေးသွားကြသည်ဟု ၎င်းက ပြောဆိုသည်။

“ စစ်တပ်ကတော့ တိုက်ပွဲ ဖြစ်ပွားပြီး ရွာထဲ တစ်ပိုင်းလောက် ဝင်လာပြီး ပြန်ထွက်သွားပါတယ်။ ရွာထဲမှာတော့ ဘာမှ အနှောင့်အယှက်၊ ရှာဖွေတာမျိုးတော့ လုပ်သွားတာ မရှိပါဘူး။ ကျွန်တော်ရွာက အိမ်ခြေ ၂၇ဝ ရှိပါတယ်။ လူဦးရေက ၁ဝဝဝ ကျော်ရှိပါတယ်။ အခု တစ်ရွာလုံး အနီးအနားက ရွာတွေမှာ ထွက်ပြေးခိုလှုံနေကြရပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

တိုက်ပွဲနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပထမတန်း စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဝင်းဇော်ဦးအား နိရဥ္စရာမှ ဆက်သွယ်မေးမြန်းခဲ့ရာ “ရာမောင်စခန်းမှာပေါ့နော်။ လုံခြုံရေး လုပ်နေတာ။ အဲဒီမှာ တံတားလုံခြုံရေး လုပ်နေတာ။ အေအေတွေက တံတားလုံခြုံရေး လုပ်နေတဲ့ တပ်ဖွဲ့ဝင်တွေကို လာပစ်တာ” ဟု ပြောဆိုသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း တပ်မတော်မှ မင်းပြားမြို့ရှိ ရာမောင်တံတားတစ်လျှောက် လုံခြုံရေး တိုးမြှင့် ထားကြောင်း ဒေသခံများက ပြောသည်။

မင်းပြားမြို့မှ ဒေသခံတစ်ဦးက “လမ်းမှာ လုံခြုံရေးတိုးမြှင့်တယ်ဆိုတာနဲ့ လမ်းသွားလမ်းလာ မရှိတော့ဘူးပေါ့နော်။ လမ်းက ခေတ္တပဲ ပိတ်ထားတာပါ။ စမ်းပလေ လမ်းဆုံ၊ နရမ်းလမ်းဆုံ အဲဒီကနေ မင်းပြားမြို့အဝင်ဘက် လမ်း တစ်လျှောက်မှာ ပိတ်ထားတာပါ။ ရန်ကုန်-စစ်တွေအဝေးပြေးကားတွေကိုဆိုတော့ သူတို့က သွားခိုင်းပါတယ်။ တခြားကားတို့ သုံးဘီးဆိုင်ကယ်တို့ဆိုရင် မသွားခိုင်းဘူး။ ဖုန်းတွေစစ်တယ်။ ဟိုမေးဒီမေးလုပ်တယ်။ အခုကတော့ အဲဒီလမ်းက ပိတ်ထားတာကို လူတွေက သိတော့ မသွားကြတော့ဘူး။ ” ဟု နိရဥ္စရာသို့ ပြောသည်။

မင်းပြားမြို့နယ် အမ်းသားကြီးကျေးရွာမှ ဒေသခံတစ်ဦးက “ ဒီရာမောင်တံတားနားမှာ ဟိုဘက်ကလူလည်း သွားလို့ မရဘူး။ ဒီဘက်က လူလည်း သွားလို့မရဘူး။ လူ ၁ဝဝ ကျော်လောက်ပိတ်မိနေပြီ။ ကျွန်တော်လည်း အခု အဲဒီလမ်းမှာ ပိတ်မိနေတယ်။ သွားလို့ မရတော့ဘူး။ ကားတွေ ဆိုင်ကယ်တွေ သွားလို့ မရတော့ဘူး ” ဟု လမ်းတွင် ပိတ်မိနေသည့် ယနေ့ မွန်းလွဲ ၂ နာရီ ၅၈ မိနစ်ကဆက်သွယ်စဉ် နိရဥ္စရာသို့ ပြောသည်။

ကားများမှာ သေနတ် ပစ်ခတ်မှုများရှိနေသဖြင့် ညနေပိုင်းတွင် ရာမောင်တံတားပေါ်မှ ဖြတ်မသွားဝံ့ဘဲ ဇက်ကူးတို့ဖြင့် ရာမောင်မြစ်ကို ဖြတ်ကူး သွားလာမှုများ ရှိနေသည်ဟု မျက်မြင် တစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် ၂ မိုင်ခန့်ဝေးသည် သေကံကျေးရွာသား တစ်ဦးက  “ အဲဒီ ဖားပြိုအနီး တောင်တန်းတွေဘက်က သေနတ်သံတွေ ကြားရပါတယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်တာတွေပါပါတယ်။ ကျွန်တော်တို့ရွာနဲ့ သိပ်မဝေးပါဘူး။ ကြားရပါတယ် တိုက်ပွဲဖြစ်နေတာကို ”ဟု နိရဥ္စရာသို့ ပြောသည်။

ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခသို့ အဆိုပါတိုက်ပွဲနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာ ဖုန်းအသံ မကြည်လင်သဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိသေးပါ။

-------------------------

Unicode:


နိရဉ်စရာ၊ ဒီဇငျဘာ ၃ဝ/ ၂ဝ၁၉













ဆက်စပ် သတင်းများ