အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

မြောက်ဦး တစ်ပင်တိုင်လမ်းဆုံမှ ပေါက်ကွဲမှုနှင့် သေနတ်ပစ်သံများထွက်ပေါ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 6k

သိန်းဇော်( မောင်တော)
စစ်တွေ၊ ဇန်နဝါရီ ၉/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တပင်တိုင်လမ်းဆုံအနီးမှ ယနေ့နံနက် ၈ နာရီခန့်တွင် ပေါက်ကွဲသံနှင့် အတူ သေနတ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

၎င်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “တပင်တိုင် လမ်းဆုံ အနီးမှာ မိုင်းတစ်လုံးပေါက်တယ်လို့ကြားတယ်။ နံနက် ၈ နာရီကျော်လောက်မှာ ဖြစ်မယ်။ ကားလမ်းမ ပေါ်ကနေ ဝေသာလီ ဘုရားကြီးကို ဆင်းတဲ့ လမ်းနဲ့ ရန်ကုန်-စစ်တွေကားလမ်းနဲ့ အဆက်လမ်းဆုံ၊ တပင်တိုင်လမ်းဆုံ အဲဒီအနီးမှာ မိုင်းတစ်လုံး ပေါက်တယ်လို့ကြားတယ်။ မိုင်းပေါက်ပြီးတော့သူတို့ပစ်တယ်။ စစ်တပ်က သင်္ကာမကင်းတဲ့ နေရာတွေကို ပစ်တယ်” ဟု နိရဥ္စရာသို့ပြောသည်။

ယနေ့နံနက်ပိုင်း ၈ နာရီကျော်က တိန်ညိုဘက်မှထွက်လာသည့်တပ်မတော် စစ်ကြောင်းတစ်ခုသည် ဝေသာလီဘုရားကြီးသို့ ဆင်းသည့်လမ်းနှင့် အာရှလမ်းမကြီးအဆက် တပင်တိုင်လမ်း ဆုံအနီးအရောက်တွင် ပေါက်ကွဲမှုနှင့် အတူ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ပစ်ခတ်သံများ ထွက်ပေါ်လာမှုကြောင်း ဒေသခံကျေးရွာသားများက စိုးရိမ်ကြောက်လန့်မှုများ ဖြစ်ပေါ်ကြောင်း ဝေသာလီကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

ဝေသာလီကျေးရွာမှ အမျိုးသမီးတစ်ဦးက “ဘယ်ကပစ်တာလဲဆိုတာကို မသိဘူး။ ခန်းမှန်းလို့လည်းမရတတ်ဘူး။ မြင်လည်း မမြင်ရတော့ ပြောဖို့ခက်ပါတယ်။  ကြောက်လို့ပုန်းနေရတယ်။ ပေါက်သံက တစ်ချက်ပဲကြားလိုက်ရတယ်။ ပြီးတာနဲ့ ပစ်သံတွေ ဆက်ကြားလိုက်ရတယ်။ အခုထိ စစ်သားတွေ အဲဒီနားမှာရှိနေသေးတယ်လို့ပြောပါတယ်” ဟု ယနေ့နံနက် ၁ဝ နာရီ ၃၅ မိနစ်က ဆက်သွယ်မေးမြန်းစဉ် ထိုသို့ ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ စစ်ဦးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား နိရဥ္စရာသတင်းဌာနမှ ယနေ့နံနက် ၁၁ နာရီ ၅၇ မိနစ်က ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိသေးပါ။

မြောက်ဦးမြို့နယ်အတွင်းရှိ ရန်ကုန်-စစ်တွေကား တစ်လျှောက်ရှိ အဆိုပါ ဒေသသည် မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေသော နေရာ ဖြစ်ကြောင်း သိရသည်။

------------------------------

Unicode:











ဆက်စပ် သတင်းများ