စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ပလက်ဝမြို့နယ် လိပ်ခေါင်းကျေးရွာအနီးရှိ တပ်မတော်ဗျူဟာကုန်းအနီး တိုက်ပွဲ ဖြစ်ပွားနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 7.3k

သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၆/၂ဝ၂ဝ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ လိပ်ခေါင်းကျေးရွာအနီးရှိ ဗျူဟာကုန်း အနီးတွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

မြန်မာ့တပ်မတော်နှင့် AA တို့ကြား အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ပြီး ယနေ့နံနက် ၇ နာရီခန့်က စတင်ပြီး တစ်ကြိမ်၊ ယနေ့ ညနေ ၃ နာရီ ခွဲခန့်တွင် တစ်ကြိမ်ဖြစ်ပွားနေသည်ဟု လိပ်ခေါင်းကျေးရွာသား တစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် လိပ်ခေါင်းရွာသားများမှာ ကြောက်လန့်စိုးရိမ်ပြီး ပလက်ဝမြို့နယ် ဝက်မနှင့်  ငမြင်းရွာဘက်သို့ ထွက်ပြေးရန် စီစဉ်နေကြောင်း  ကျေးရွာသားမှ ပြောကြားနေစဉ် လက်နက်ငယ် ပစ်ခတ်သံများနှင့် အတူ စက်သေနတ်အတွဲလိုက် ပစ်ခတ်သံများကို ဖုန်းထဲက ကြားခဲ့ရသည်။

ယနေ့ နံနက် ၇ နာရီခန့်က စက်တင်ပြီး ပလက်ဝနှင့် ကျောက်တော် အကြား ဖောက်လုပ် ထားသည့် လမ်း၊  လိပ်ခေါင်းကျေးရွာ တောင်ဘက် ၈ ဖာလုံလောက်အကွာ ပေ ၄၄ဝ ရှိ မီးချောင်းတံတားထိပ် ဘက်တွင် ယနေ့ နံနက် အစောပိုင်းကနေ အပြန်အလှန်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ကြောင်း လိပ်ခေါင်းကျေးရွာသား နောက်ထပ် တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

၎င်းလိပ်ခေါင်းကျေးရွာသားက“ဒီနေ့မနက်အစောကြီးကနေ အပြန်အလှန်ဖြစ်နေကြတာပါ။ တစ်နာရီလောက်ဖြစ်ခဲ့တယ်။ ရွာကလူတွေကလည်း ပြေးလည်းပြေးချင်ကြတယ်။ ပြေးလည်း မပြေးရဲဘူး။ ပြေးရင် အပစ်ခံရမှာကိုကြောက်တယ်။ အဲဒါကြောင့် ရွာမှာဘဲ ကုတ်ကပ်ပြီး နေနေရတယ်။ အဲဒီနောက်ပိုင်း အခု ညနေ ၃ နာရီခွဲမှာ ထပ်မံ တိုက်ပွဲ ဖြစ်ပွားနေပါတယ်” ဟု ပြောသည်။

“ကျနော်တို့ရွာက အိမ်ခြေက သိပ်အများကြီးမရှိဘူး။ ၁၇ ဆောင် ၁၈ ဆောင်လောက်ဘဲ ရှိတာပါ။ ခမီးနဲ့ ရခိုင်တွေ ရောပြီးနေကြတာ။ အကုန်လုံးကြောက်နေကြတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ဘူး။ ဒါကြောင့် ဆရာတို့ဆီဖုန်းဆက်ပြီး ပြောရတာပါ” ဟု ၄င်းက ပြောသည်။

ဖေဖော်ဝါရီ ၅ ရက် နံနက် ၁၁ နာရီခန့်ကလည်း ကုလားတန်မြစ်လက်တက် မီးချောင်း အတွင်းမှ ပစ်ခတ်သံများ ကြားနေရကြောင်း၊ ယနေ့ နံနက်ပိုင်းကလည်း ထိုနေရာအနီး လက်နက်ငယ် ပစ်သံများ ထွက်ပေါ်နေကြောင်း မီးဝကျေးရွာသားတစ်ဦးက ပြောသည်။

မီးဝကျေးရွာမှ ရွာလူကြီး တစ်ဦးက “ဒီနေ့မနက် ၇ နာရီခွဲကနေ စကြားနေရတယ်။ ဖြစ်တဲ့နေရာက မနေ့က ပစ်သံကြားတဲ့နေရာ လိပ်ခေါင်းတောင်ဘက်ကမ်း တံတားအနီးက ကြားရတယ်။ ဒီနေ့ မနက်ဖြစ်တာက အပြန်အလှန်ကြားပါတယ်။ ၁၅ မိနစ်လောက်ကြားလိုက်ရပါတယ်” ဟု ပြောသည်။

ပလက်ဝမြို့နယ် လိပ်ခေါင်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများက ကြောက်လန့် စိုးရိမ်နေကြသည်ဟု ပြောဆိုသည့် အတွက် ထိုနေရာအနီး တိုက်ပွဲဖြစ်ပွားခြင်း ရှိ/မရှိအား မေးမြန်းတင်ပြရန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေး ဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးထံသို့ နိရဥ္စရာသတင်းဌာနမှ ယနေ့ နံနက် ၁၁ နာရီ ၁ဝ မိနစ်က တစ်ကြိမ်၊ ၁ နာရီ ၁၇ မိနစ်ကတစ်ကြိမ် ၂ ကြိမ်တိုင်တိုင် ဖုန်းခေါ်ဆိုခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးပါ။

ရက္ခိုင့်တပ်တော်(AA)ပြန်ကြားရေးတာဝန်ခံ ခိုင်သုခသို့ နိရဥ္စရာသတင်းဌာနမှ ယနေ့ နေ့လယ် ၁နာရီခွဲ ခန့်ကဆက်သွယ်မေးမြန်း ခဲ့ရာ ယနေ့ တိုက်ပွဲသတင်းနှင့်ပတ်သက်ပြီး ၄င်းအနေဖြင့် မကြားမိသေးကြောင်း ပြန်လည် ဖြေကြားသည်။

--------------------------

Unicode:

















ဆက်စပ် သတင်းများ