- Web Master
- ၂၇ မတ် ၂၀၂၄
ဆောင်းဇာခြည်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၆/ ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊စညင်းကျေးရွာအနီး တောင်တန်းကို မြန်မာ့တပ်မတော်မှ ဂျက်တိုက် လေယာဉ် ၂ စီးဖြင့် လာရောက် ပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။
တပ်မတော်မှ ဂျက်တိုက်လေယာဉ် ၂ စီးသည် ယနေ့ နေ့လယ် ၂ နာရီ မိနစ် ၂ဝ ခန့်နှင့် ၃ နာရီ ၃၉ မိနစ်တို့တွင် နှစ် ကြိမ်တိုင် လာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ဒီနေ့က နှစ်ဘက်တိုက်ပွဲ ဖြစ်နေတာ မဟုတ်ဘဲ သူတို့ လာပစ်နေတာပါ။ စညင်းရွာအထက်ဘက် ချောင်းရှိပါတယ်။ အဲဒီချောင်းနဲ့က တောင်တန်းတွေနဲ့ တစ်ဆက်တည်းပါ။ အဲဒီ တောင်တန်းတွေ အနားမှာ ပစ်ခဲ့တာပါ” ဟု စညင်းကျေးရွာမှ ဒေသခံကတစ်ဦးက ယနေ့ နေ့လယ် ၂ နာရီ ၃၁ မိနစ် အချိန်ခန့်က နိရဥ္စရာသို့ ပြောသည်။
အဆိုပါ ဂျက်တိုက်လေယာဉ် ၂ စီးလာပစ်ခတ်သည့် နေရာနှင့် စညင်းကျေးရွာတို့မှာ ၂ ဖာလုံခန့်သာ ဝေးကွာကြောင်း ကျေးရွာသားများ၏ ပြောပြချက်အရ သိရသည်။
“ဂျက်တိုက်လေယာဉ် နှစ်စီးက ၂ နာရီကျော်လောက်က ပစ်ခဲ့တာ။ မိနစ် ၂ဝ လောက် ပစ်ခဲ့ ပါတယ်။ အခု တစ်ကြိမ် ထပ်ပြီး ဂျက်တိုက်ယာဉ်နဲ့ လာကြဲပါတယ်။ အဲဒီနေရာမှာပဲ ထပ်လာ ကြဲတာပါ။ မနက်ကတော့ လက်နက်ငယ် ပစ်သံတွေ ကြိုကြား ကြိုကြား ကြားရပါတယ်” ဟု စညင်းကျေးရွာမှ ကိုရဲမြင့်အောင်က ယနေ့ ညနေ ၃ နာရီ ၃၉ မိနစ်က နိရဥ္စရာသို့ ပြောသည်။
ညနေ ၃ နာရီ ၃၉ မိနစ်က ပစ်ခတ်ခဲ့သည့် ဂျက်တိုက်ယာဉ် နှစ်စီးမှာ မိနစ် အနည်းငယ်ခန့်သာ ပစ်ခတ်ခဲ့ပြီး ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က ပြန်သွားကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ ဂျက်တိုက်လေယာဉ်များဖြင့် လာရောက်ပစ်ခတ်ခြင်းနှင့် ပတ်သက်ပြီး အတည်ပြုချက် ရယူလိုသဖြင့် နိရဥ္စရာမှ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးအား ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA)မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခအား ဆက်သွယ်ရာတွင်လည်း အဆက်သွယ်မရရှိသေးပါ။
အဆိုပါ စညင်းကျေးရွာ၏ အရှေ့မြောက်ဘက် တောင်တန်းများ၌ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် နှစ်ဘက်တိုက်ပွဲများ အပြန်အလှန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
----------------------------------
Unicode:
နိရဉ်စရာ၊ ဖဖျေောဝါရီ ၂၆/ ၂ဝ၂ဝ