အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

မြောက်ဦးမြို့နယ် သင်းကျစ်တောင်တွင် ညဉ့်တိုက်ပွဲ အပြင်းအထန်ဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8.6k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ၉/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှ တပ်မတော်မှ နေရာယူထားသည့် သင်းကျစ်တောင်တွင် ယနေ့နံနက် ၂ နာရီကျော်ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

အနီးအနားရှိ ပေါက်တောပြင် ရွာသားတစ်ဦးက “ သေနတ်စပေါက်တာက မနက် ၂ နာရီ ၂၅ မိနစ်လောက်က စကြားရပါတယ်။ မနက် ၃ နာရီလောက်ထိ ကြားရပါတယ်။ ပြင်းတော့ မိနစ် ၃ဝ လောက်ပြင်းထန်ခဲ့ပါတယ်။ ဖြစ်တာက သင်းကျစ်တောင်ဘေးမှာ ဖြစ်တာပါ။ တက်လမ်းရှိပါတယ်။ ဆွမ်းစိမ်းလောင်းတဲလမ်း လုပ်လို့ ရှိပါတယ်။ အဲဒီအဝန်းလောက်က သေနတ်သံတွေကြားရပါတယ်။ အေအေက ဝင်တိုက်သလား။ ဘယ်လိုဖြစ်ကြတယ်ဆိုတာတော့ ကျွန်တော်တို့ တိတိကျကျ မပြောနိုင်ပါ။ ဖြစ်တာကတော့ နှစ်ဘက် အပြန်အလှန် ပစ်ခတ်ကြတာကို ကြားရပါတယ်” ဟု ပြောသည်။

ယခုသေနတ်သံကြားရသော သင်းကျစ်တောင်သည် မြောက်ဦးမြို့ မြောက်ဘက်၊ မြောက်ဦးနှင့် မဟာမုနိဘုရားကြား စစ်တွေ-ရန်ကုန်ကားလမ်းမ၏ အရှေ့ဘက် မနီးမဝေးတွင် တည်ရှိသည်။

“ တိုက်ပွဲဖြစ်တဲ့ သင်းကျစ်တောင် အနီးဝန်းကျင်ကိုတော့ မြောက်ဦးမြို့ ၃၇၇ တပ်ရင်းနဲ့ ၃၇၈ တို့က လက်နက်ကြီးတွေနဲ့ လှမ်းထုပါတယ်။ အခုတော့ အမြောက်သံတွေ တိတ်သွားပါပြီ။ ပေါက်တောပြင်မှာ ကျန်ရှိနေတဲ့ တစ်ယောက်စ နှစ်ယောက်စလည်း တိုက်ပွဲဖြစ်တာနဲ့ မနက်ကတည်းက ထွက်ပြေးသွားကြတဲ့ အတွက် ရွာမှာ လူမရှိတော့ပါ” ဟု ယနေ့ မနက် ၉ နာရီက ၎င်းက ပြောကြားသည်။

ပေါက်တောပြင်ရွာသားအများစုမှာ ယခင်ကတည်းက စစ်ဘေးရှောင်စခန်းများသို့ ရောက်နေကြပြီး ရွာတွင် အစောင့်ကျန်နေခဲ့သူများလည်း တိုက်ပွဲကြောင့် ယနေ့နံနက်က ရွာကနေ ထွက်ပြေးလာခဲ့ရသည်ဟု ၎င်းက ပြောဆိုသည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ သေနတ်ပေါက်သံတွေကိုတော့ ညဉ့် ၂ နာရီကျော်မှ စကြားရပါတယ်။ ညဉ့် ၃ နာရီကျော်လောက်ထိ ကြားခဲ့ရပါတယ်။ အဲဒီသင်းကျစ်တောင်ပေါ်မှာ တပ်မတော်က နေရာယူထားပါတယ်။ အဲဒီဘက်က သေနတ်ကြားရပါတယ်။ အေအေနဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်တယ်လို့တော့ သိရတယ်။ ဒေသခံတွေက ပြောစကားအရ သိရတာဖြစ်ပါတယ်” ဟု ပြောဆိုသည်။

အဆိုပါ ပတ်ဝန်းကျင်သည် ယခင်က တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့သည့် နေရာဖြစ်ပြီး အိမ်ခြေ ၂ဝဝ ကျော်ရှိသည့် လက္ကာရွာသည် မီးရှို့ခံထားရသည်။ လက္ကားအပါအဝင် တစ်ခြားကျေးရွာများဖြစ်ကြသည့်  ပေါက်တောပြင်၊ အောက်သကန်၊ ဝေသာလီ၊ အုတ်ဖော်ကန်၊ ဗူးရွက်မညှိး ဘုရားကြီးစသည့် ကျေးရွာများမှ ရွာသားများမှာလည်း ရွာကို စွန့်ခွာပြီး စစ်ဘေးရှောင် စခန်းများတွင် ခိုလှုံနေကြရသည်။

အဆိုပါ ပတ်ဝန်းကျင်တွင် တိုက်ပွဲမဖြစ်သည်မှာ ၅ လကျော်ခန့်ရှိနေပြီ ဖြစ်ပြီး ယနေ့ နံနက် အစောကြီးတွင် သေနတ်ပစ်ခတ်သံများစကြားရသဖြင့် အနီးအနား ကျေးရွာများမှ ဒေသခံများမှာ စိုးရိမ်လျှက် ရှိနေကြသည်ဟု သတင်းရရှိသည်။

(ဓာတ်ပုံ- ယခင်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတစ်ပွဲမှ ဓာတ်ပုံသာဖြစ်ပါသည်။)

ဆက်စပ် သတင်းများ