ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရသေ့တောင်ကျောက်တန်းရွာထဲကို အမြောက်ကြီးကျည်များကျ၊ ရဟတ်ယာဉ်ဖြင့်လည်း တိုက်ခိုက်၊ နေအိမ်အချို့ မီးလောင်နေ၊ တိုက်ပွဲလည်း ပြင်းထန်စွာဖြစ်နေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 2.9k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ မတ် ၁/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မြောက်ပိုင်းတွင် တည်ရှိသည့် ကျောက်တန်းရွာထဲကို အမြောက်ကြီးကျည်များကျ၍ ရွာတောင်ပို်င်းမှ နေအိမ်အချို့ မီးလောင်နေပြီး ညနေပိုင်းတွင် ရဟတ်ယာဉ် နှစ်စီးဖြင့် အနီးအနားရှိ တောင်တန်းများကို ထပ်မံ လာရောက် ပစ်ခတ်နေသည်ဟု ဒေသခံကျေးရွာသားများက ပြောကြားသည်။

ယခုလက်ရှိ အချိန်တွင် ကျောက်တန်းကျေးရွာမှ နေအိမ်များကို မီးလောင်နေပြီး ရွာတစ်ခုလုံးကို မီးခိုးများဖြင့် ဖုံးလွှမ်းနေသည်ဟု ရွာထဲကထွက်ပြေးပြီး ရွာပြင်ကို ရောက်နေသည့် ကျေးရွာသား တစ်ဦးက ပြောသည်။

အခု နောက်ဆုံးဝင်လာသော သတင်းအရ အောင်သာစည်ကျေးရွာမှ ထွက်လာသော တပ်မတော် စစ်ကြောင်းနှင့် ကျောက်တန်းအနီးတွင် ရက္ခိုင့်တပ်တော် (AA) တို့အကြား ညနေ ၅ နာရီကျော်မှ စတင်ပြီး တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း၊ အပြန်အလှန် လက်နက်ကြီးများကို အသုံးပြု တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောကြားသည်။

“ ဒီနေ့ တစ်နေ့ကုန် မနက် ၇ နာရီက စပြီး ရသေ့တောင်အခြေစိုက် တပ်ရင်းတွေ ဖြစ်ကြတဲ့ ၅၃၆၊ ၅၃၇ တို့က အမြောက်ကြီးတွေနဲ့ ပစ်နေပါတယ်။ ရွာထဲကို ကျပြီး နေအိမ်တွေ မီးလောင်နေပါတယ်။ ညနေ ၅ နာရီကျော်မှာ ရဟတ်ယာဉ်နှစ်စီးနဲ့ ကျောက်တန်းတောင်ကို လာရောက်ပစ်ခတ်ပါတယ်။ အခု ရွာက အိမ်တွေ မီးလောင်နေပါတယ်။ မီးခိုးတွေနဲ့ ပြည့်နေပါတယ်။ အခု တိုက်ပွဲ ဖြစ်နေကြပါပြီ” ဟု ကျေးရွာသား တစ်ဦးက ပြောကြားသည်။

၎င်းကျောက်တန်း အနီး တောင်တန်းများကိုအမြောက်ကြီးများဖြင့် ပစ်ခတ်နေသည်မှာ သုံးရက်ခန့်ရှိနေပြီ ဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ စပြီး ကျောက်ရံ အနီးရှိ လယ်သူကြီးတောင်ကို ပစ်ကြောင်း၊ ယနေ့တွင် ကျောက်တန်းအနီးမှ တောင်တန်းများကို ပစ်ခတ်ကြောင်း၊ ယနေ့တွင် ရဟတ်ယာဉ်နှစ်စီးဖြင့် ညနေ ၅ နာရီမှ ၅ နာရီ ၂ဝ ထိ ကျောက်တန်းအနီးမှ တောင်တန်းများကို ပစ်ခတ်ခဲ့ကြောင်း၊ လက်ရှိ တိုက်ပွဲ ဖြစ်နေသည်ဟု သိရကြောင်း ကျေးရွာသားများကို ကိုးကားပြီး   ရသေ့တောင်မြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။


---------------------------

Unicode:


နိရဉ်စရာ၊ မတျ ၁/ ၂ဝ၂ဝ









ဆက်စပ် သတင်းများ