သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စစ်ဘေးရှောင်အလှူငွေကောက်ခံသူများကို ခွင့်ပြုချက်မရှိဟုဆိုကာ ရဲစခန်းက ခေါ်ယူစစ်ဆေးမေးမြန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 9.1k

သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇူလိုင် ၂ဝ/ ၂ဝ၁၉

စစ်ဘေးရှောင်ဒုက္ခသည်များအတွက် အလှူခံနေသည့် စစ်တွေမြို့မှ ရခိုင်အလင်းတံခါးတက်ကြွလှုပ်ရှားသူများအဖွဲ့ အဖွဲ့ဝင် ၈ဦး စစ်ဆေးမေးမြန်းခံရဟု သတင်းရရှိသည်။

ရခိုင်စစ်ဘေးရှောင်များအတွက် အလှူခံသည့် အဆိုပါ ရခိုင်အလင်းတံခါး တက်ကြွလှုပ်ရှားသူများအဖွဲ့အား ယမန်နေ့ ညနေပိုင်းကတစ်ကြိမ်၊ ယနေ့နံနက်ပိုင်းကတစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ပြီး  ခေါ်ယူ စစ်ဆေးခံရသူများမှာ ၎င်းအဖွဲ့မှ  အတွင်းရေးမှူးဒေါ်ဖြူဖြူသန်း၊ ဒေါ်အေးသီတာ၊ မောင်ညီညီ၊ မမြင့်မြင့်ဇော်၊ ကိုထွန်းစောသိန်း၊ ကိုလင်းလင်း၊ ကိုဇော်မျိုးနိုင်၊ ကိုမောင်မြင့်နိုင် တို့ဖြစ်ကြောင်းသိရသည်။

ဇူလိုင်လ ၁၉ ရက်နေ့က နေ့လည်တစ်နာရီခွဲခန့်တွင် စစ်တွေမြို့ပြည်တော်သာရပ်ကွက်တွင် စတင်ပြီး အလှူခံနေစဉ် ရဲတပ်ဖွဲ့ဝင်များက ရောက်လာပြီး ဓာတ်ပုံရိုက်ယူသွားကာ ညနေပိုင်း၌ အမှတ် (၁) ရဲစခန်းက ခေါ်ယူ စစ်ဆေးခဲ့ကြောင်း ရခိုင်အလင်းတံခါး တက်ကြွလှုပ်ရှားသူများအဖွဲ့ အတွင်းရေးမှူး ဒေါ်ဖြူဖြူသန်းက ပြောသည်။

“ကျမတို့ကို မနေ့က ညနေပိုင်းက အမှတ်(၁)ရဲစခန်းကခေါ်တယ်။ ခေါ်တော့ ကျမတို့ကမေးတယ်။ ဘာအတွက် ခေါ်တာလဲမေးတော့ သူတို့က အထက်ကလူကြီးတွေကခိုင်းလို့ ခေါ်ယူမေးမြန်းရတာပါ ဆိုပြီးပြောတယ်။ ကျမတို့ကို သူတို့မေးတာက အလှူခံတာ သူတို့ကို ခွင့်ပြုချက်တင်ထားပြီးပြီလားလို့မေးတယ်”ဟု ဒေါ်ဖြူဖြူသန်းက ပြောသည်။

စစ်ဆေးမေးမြန်းရာတွင် ကောက်ခံရရှိသည့် အလှူငွေများအားမည်သည့် နေရာတွင်လှူသည်နှင့် အသင်း တည်ထောင်ခွင့်မှတ်ပုံတင်ရှိ/မရှိ စစ်ဆေးမေးမြန်ခဲ့ကြောင်း ဒေါ်ဖြူဖြူသန်းက ဆက်ပြောသည်။

ဒေါ်ဖြူဖြူသန်းက“ကျမတို့က စစ်ဘေးရှောင်များအတွက် အလှူခံဖို့ ခွင့်ပြုချက်တင်ထားတယ်။ တင်တော့  ၄လပိုင်း ၁၁ ရက်နေ့ကနေ မြို့နယ်ထွေအုပ်ရုံးသို့ တင်တယ်။ ဒါပေမဲ့ သူတို့ကအကြောင်းလည်းမပြန်ဘူး။ အလှူ မခံနဲ့လို့လည်း သူတို့ကလာလို့လည်း မပြောဘူး။ အဲဒါကြောင်းကျမတို့က အလှူဆက်ခံတာပါ။ ကျမတို့လှူခံတယ်ဆိုတာ ပြစ်မှုကျူးလွန်တာလည်း မဟုတ်ဘူး။ အလှူခံလို့ရလာတာတွေကိုလည်း အကုန်လုံးသွားလှူတာ ဂုဏ်ပြု လက်မှတ်တွေ ရှိတယ်။ ဒုက္ခသည်တွေကို ကူညီတာပဲရှိတယ်။ သူတို့ကအကူအညီတောင်းတယ်။ တောင်းတဲ့အချိန်ထွက်ပြီး အလှူခံတယ်။ကျမတို့တတ်နိုင်တဲ့ဘက်က ကူညီပေးတာပါ ” ဟု ပြောသည်။

မြောက်ဦးမြို့နယ် စင်ဘောကိုင်းစစ်ဘေးရှောင်ကယ်ဆယ်ရေး စခန်း၌ စားရေး သောက်ရေး နေရေးထိုင်ရေး အခက်အခဲဖြစ်နေသည့်အတွက် ကူညီပေးပါဟု အကူညီအတောင်းခံလာသည့်အတွက် သွားရောက်ကူညီပေးရန် အလှူကောက်ခံရခြင်းဖြစ်ကြောင်း၊ ယခင်ကလည်း ရခိုင်ပြည်နယ်အတွင်းက တခြားစစ်ဘေးရှောင် ကယ်ဆယ်ရေး စခန်းများမှ ထိုသို့အကူအညီတောင်းခံသည့် လိုအပ်ချက်များကို ကူညီနိုင်ရန် အလှူထွက်ခံခဲ့ကြောင်း၊ အလှူခံပြီးရလာသည့် ငွေများနှင့် လိုအပ်သည့် ပစ္စည်းများအား ဝယ်ကာ သွားရောက်လှူဒါန်းနေကြောင်း၊ ထိုသို့ လှူဒါန်းခဲ့သည်မှာ (၃၇)ြုကိမ် ရှိခဲ့ပြီဖြစ်ကြောင်း၊ ရခိုင်လင်းတံခါး တက်ကြွလှုပ်ရှားသူများအဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

ရခိုင်အလင်းတံခါး လူပ်ရှားတက်ကြွသူများအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ကျော့စိန်က “ စစ်ဘေးရှောင်တွေ ဒီလောက် ဒုက္ခရောက်နေကြတာ။ သူတို့လည်း မလှူဘူး။ တစ်ခြားလူတွေ လှူမယ့်ဟာကိုလည်း တားဆီးနေတယ်။ ကျွန်မတို့က AA ရဲ့ အဖွဲ့ဝင်တွေမဟုတ်ဘူး။ စစ်ဘေးရှောင်တွေကို ရိုးရိုးသားသား ကူညီနေသူတွေသာ ဖြစ်တယ်။ မှတ်တမ်းတွေလည်း ရှိတယ်။ အလှူခံမယ်ဆိုရင် ခွင့်ပြုချက်တင်ဆိုလို့ ဒီနှစ် ဧပြီလကတည်းက တင်တယ်။ အကြောင်းလည်း မပြန်ဘူး။ ခွင့်ပြုချက်ကျပြီလားလို့ ရုံးကို သွားပြီးတော့ မေးမြန်းရင်လည်း ဟိုလူ မရှိဘူး။ ဒီလူမရှိဘူးပြောတယ်။ ဒီတော့ ကျွန်မတို့လည်း ထိုင်မနေနိုင်တာနဲ့ စစ်ဘေးရှောင်တွေအတွက် အလှူခံတယ်။ ဒါကို ကျွန်မတို့ အဖွဲ့ကို ခေါ်ယူစစ်ဆေးနေတယ်။ ပုဒ်မ ၂ ခုတပ်ပြီး တရားစွဲမလို့ကြားတယ်” ဟု ပြောကြားသည်။

အဆိုပါအလှူခံအဖွဲ့အား မည်သည့်အတွက်ကြောင်း စစ်ဆေးမေးမြန်းနေသည်ကို သိရှိလိုသဖြင့် နိရဥ္စရာ သတင်းဌာနမှ စစ်တွေအမှတ်(၁)ရဲစခန်းသို့ လူကိုယ်တိုင်သွားရောက်စုံစမ်းမေးမြန်းခဲ့ရာ စခန်းမှူး အစည်းအဝေး သို့သွားနေ၍ သူပြန်ရောက်လာမှမေးပါဟု ပြန်လည်ဖြေကြားလိုက်သည်။

ဆက်စပ် သတင်းများ