သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

တိုက်ပွဲကြောင့် အမ်းသားရွာနှင့်သေကန်ရွာတွင် စစ်ဘေးရှောင် ၁၅ဝဝကျော်ထိ တိုးလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 8k

မြတ်နှင်းခင်
နိရဥ္စရာ၊ သြဂုတ် ၅/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖုန်သာချောင်းနှင့်ပန်းမြောင်းကြီးချောင်းအနီးတွင် မြန်မာ့ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲဖြစ်ပွားနေမှုကြောင့် အမ်းသားရွာနှင့် သေကန်ရွာတွင် စစ်ဘေးရှောင် ပြည်သူ လူပေါင်း ၁၅ဝဝကျော်ထိ တိုးလာကြောင်း  သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့မှ ကိုအမ်းသားကြီးက ပြောသည်။

 “သူတို့ရောက်လာတာကတော့ ဇူလိုင်လ ၂၈ရက်နေ့ကတည်းက  စရောက်တာပေါ့နော်။ စစ်ဘေးရှောင် တွေကတော့ အမ်းသားရွာနဲ့ သေကန်ရွာကို ရောက်နေကြတာ၊ လူကတော့ ၁၅ဝဝကျော်အထိ တိုးလာပြီ။ အဲဒီစစ်ပွဲကြောင့် ထွက်ပြေးလာတဲ့ တောင်ပုတ်ကယ်ရွာက လူတစ်ချို့ကတော့ လက်ခုပ်ရွာမှာ မြန်မာစစ်တပ်ကနေ မိမိနေထိုင်ရာ ရွာသို့ ပြန်လွတ်တဲ့ အတွက်ကြောင့် ပိတ်မိနေကြပါတယ်”ဟု ကိုအမ်းသားကြီးမှ ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များမှာ မင်းပြားမြို့နယ် ဖုန်သာချောင်း၊ သလူချောင်း၊ တောင်ပုတ်ကယ်၊ ကုလားမတောင်၊ဒုံးသား အစရှိသည့်ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်လာကြသော သူများဖြစ်ကြောင်း ၎င်းမှ ဆက်ပြောသည်။

ကုလားမတောင်ကျေးရွာမှ စစ်ဘေးရှောင်လာသူ မတင်နွဲ့မှ “ ကျွန်မတို့နေတဲ့ရွာထဲမှာ စစ်ပွဲဖြစ်တာမဟုတ်ဘူး၊ ရွာနားမှာ ဖြစ်နေတဲ့ အတွက်ကြောင့် သေနတ်သံ အမြောက်သံတွေ အကျယ်ကြီးကြားရတဲ့ အတွက်ကြောင့် စစ်ပွဲဖြစ်ကတည်း က ကျွန်မတို့ထွက်ပြေးလာတာပါ။ အိမ်တွေကို ပစ်ပြီး ခါးဝတ်တစ်ခု အင်္ကျီတစ်ထည် တည်းနဲ့သာထွက်ပြေးလာတာပါ”ဟုပြောသည်။

ယခုကဲ့သို့ ဒုက္ခရောက်နေချိန်တွင် အစိုးရအနေဖြင့် မိမိတို့၏ အခက်အခဲ များကို လက်ပိုက် ကြည့်မနေဘဲ ကူညီပံ့ပိုးပေးသွားသင့်ပါကြောင်း၊ ကူညီမည်ဆိုပါက ပြည်သူများ ဝမ်းသာကျေနပ်စွာဖြင့် လက်ခံမည်ဖြစ်ကြောင်းနှင့် ယခုချိန်တွင် အကူအညီများ အမှန်တကယ် လိုအပ်လျှက်ရှိနေကြောင်း သူမကဆက်၍ပြောသည်။

သြဂုတ်လ ၃ရက်နေ့တွင်လည်း မင်းပြားမြို့နယ်၊ သလူချောင်းကျေးရွာနှင့် ကုလားမတောင် ကျေးရွာ အကြားတွင် မြန်မာ့တပ်မတော် နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲ ဖြစ်ပွားမှုကြောင့် စိတ္တရကျေးရွာမှ ကျေးရွာသားများ နီးစပ်ရာကျေးရွာများသို့  ရွာလုံးကျွတ် ထွက်ပြေးခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ- အမ်းသားကြီး

ဆက်စပ် သတင်းများ