ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရသေ့တောင် အုတ်ဖိုကျေးရွာသို့ တပ်မတော်စစ်ကြောင်းဝင်လာသောကြောင့် ဒေသခံကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 818

နီမင်းထွန်း
နိရဥ္စရာ၊ သြဂုတ် ၁၆/၂ဝ၁၉

ရခိုင်ပြည်နယ် ၊ ရသေ့တောင်မြို့နယ် ၊ အုတ်ဖိုကျေးရွာကို သြဂုတ်လ ၁၄ ရက်နေ့ညနေ ၄ နာရီခန့်တွင် မြန်မာ့ တပ်မတော်စစ်ကြောင်းတစ်ခု ဝင်ရောက်လာသောကြောင့် ဒေသခံ ကျေးရွာ သားများမှာ စိုးရိမ်ကြောက်ရွံ့၍ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံ တစ်ယောက်က ပြောသည်။

 “မနေ့က ညနေ၆နာရီလောက်မှာ မယူကမ်းဖက်ကနေ လာတဲ့ဘုတ်ကြီးတစ်စီးဟာ အာကာတောင် မူဆလင်ရွာမှာလာရပ်တယ်။ အာကာတောင်ရွာဟာ အန်တီတို့ရွာနဲ့ နီးပါတယ် ။ ရွာသားတွေက မသင်ခါလို့မြစ်နားဆင်းပြီးကြည့်လိုက်တဲ့အခါ စစ်သားတွေ  တက်လာတာကို မြင်ရတယ်။ အေးဒီအချိန်မှာ ရွာသားတွေဟာ ကိုယ့်မိသားစုတွေကိုစုပြီး လှေရှိတဲ့သူမှာ လှေနဲ့ထွက်ပြေးကြတယ်။ မရှိတဲ့သူက ရွာထဲမှာပဲကျန်ခဲ့တယ် ” ဟု အုတ်ဖိုကျေးရွာမှ ထွက်ပြေး တိမ်းရှောင်လာသည့် ဒေါ်မသန်းလှိုင်က နိရဥ္စရာသတင်းဌာနသို့ပြောသည်။
 
ကျေးရွာသားများထွက်ပြေးလာသည့် အချိန်တွင်လည်း ရွာထဲမှ လက်နက်ကြီး ၊ လက်နက်ငယ် အသံများ ကြားခဲ့ရသည်။ ရွာထဲမှာကျန်ရှိနေသော ရွာသူ ၊ ရွာသားများကိုလည်း ဆက်သွယ်၍ မရသေးကြောင်း သူတို့အတွက် စိုးရိမ်ပူပန်နေသည် ဟုဒေသခံများကပြောသည်။

“ညနေ ၆နာရီအချိန်လောက်က ရွာကနေ အန်တီတို့ထွက်ပြေး တိမ်းရှောင်လာခဲ့တာပါ။ ထွက်ပြေး လာတဲ့အချိန်မှာ ရွာထဲ့က သေနတ်ကြီးငယ်ပစ်သံတွေကြားခဲ့ရတယ်။ ရွာမှာကျန်လိုက်တဲ့ ရွာသားတွေကိုလည်း ဆက်သွယ်လို့မရဘူး။ ဖုန်းတွေအကုန်လုံးစက်ပိတ်ထားတယ်။ အန်တီတို့ ရွာမှာကျန်လိုက်တဲ့ ရွာသားတွေ အတွက်စိုးရိမ်ပူပန်နေရတယ်”ဟု သူမကပြောသည်။

ယနေ့ သြဂုတ် ၁၆ ရက်နေ့ နံနက် ၁ဝ နာရီက ရွာသား တစ်ဦးအား ဆက်သွယ်မေးမြန်းရာ စစ်တပ်က ရွာထဲတွင် ရှိနေပြီး တစ်အိမ်တက်ဆင်းရှာဖွေနေသည်ဟု သိရကြောင်း၊ လက်ရှိ ရွာသားများမှာ ရွာပြင်တွင် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ပြောကြားသည်။
 
၎င်းကျေးရွာတွင် သြဂုတ်လ ၈ရက်နေ့တွင်လည်း တပ်မတော်စစ်ကြောင်းစစ်ကြောင်းတစ်ခုမှ ဝင်ရောက်လာ၍ စျေးဆိုင်များ လူနေအိမ်များမှ စားသောက်ကုန်ပစ္စည်းများနှင့် အခြားပစ္စည်းများ ယူဆောင်သွားပြီးနောက် ဒုတိယအကြိမ်ဝင်ရောက်လာခြင်းဖြစ်ပါသည်။

ဆက်စပ် သတင်းများ