အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

သေနတ်သံများကြောင့် ဘူးသီးတောင် သရက်ပြင်ကျေးရွာသားများ ကြောက်လန့်ထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 6.5k

သိန်းဇော်(မောင်တော)
စစ်တွေ၊ စက်တင်ဘာ ၄/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင် ကျေးရွာအနီးတွင် နေ့ညမပြတ် သေနတ် ပစ်ခတ်သံများကြားနေရသည့် အတွက် ကျေးရွာသားများသည် ကြောက်လန့်ပြီး ဘူးသီးတောင်မြို့ပေါ်သို့ ထွက်ပြေးနေကြကြောင်း သတင်းရရှိသည်။

ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂နာရီခွဲခန့်တွင် သရက်ပြင် ကျေးရွာသားများဖြစ်ကြသည့် လူဦးရေ ၅ဝခန့်သည်  ကျေးရွာအနီး ပစ်ခတ်မှု အဆက်အပြတ် ဖြစ်ပွားနေမှုကြောင့်  ကြောက်လန့်ပြီး နေအိမ်များစွန့်ခွာကာ မြို့ပေါ်သို့ ထွက်ပြေးလာခဲ့ရကြောင်း စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

စစ်ရှောင်ထွက်ပြေးလာသည့် သရက်ပြင်ကျေးရွာမှ ဒေါ်မမြသိန်း (ခ)ဒေါ်အသိန်းချေက “ အခုကျမတို့က လမ်းမ ဘုန်းတော်ကြီးကျောင်းကို ရောက်နေကြပါတယ်။ ရွာနားမှာ နေ့ရော ညပါ အဆက်မပြတ် ပတ်ပတ်လည်က ပစ်နေကြတာ ဆိုတော့ ကျမတို့လည်း မနေရဲတော့ဘူး။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်နေကြတာ အခုလည်း ပစ်နေကြတယ်။ အဲ့လိုပစ်နေတာက တစ်ရက်လည်း မဟုတ် နှစ်ရက်လည်းမဟုတ်ဘူး။ ၄ရက် ၅ရက်ရှိနေပြီ ဆိုတော့ အဲ့ဒါကြောင့် ကြောက်ပြီး ဘူးသီးတောင်မြို့ လမ်းမဘုန်းတော်ကြီးကျောင်းကို ထွက်ပြေးလာကြတာပါ” ဟု ပြောသည်။

သရက်ပြင်ကျေးရွာတွင် အိမ်ခြေ ၇ဝ ကျော်ရှိပြီး ကျေးရွာအတွင်းမှ လူဦးရေ တစ်ဝက်ခန့်က ထွက်ပြေးလာကြခြင်းဖြစ်ကြောင်း၊ နောက်ထပ်လည်း ပြေးလာကြမည်သူများလည်း ရှိနေကြောင်း သူမက ပြောကြားသည်။

စစ်ဘေးရှောင်လာသည့် နောက်အမျိုးသမီးတစ်ဦးက “ ကျမတို့က ကိုယ့်ရွာမှာကိုယ်နေပြီး အေးအေးချမ်းချမ်း လုပ်စားချင်တယ်။ အခု ရွာနားမှာ တိုက်ပွဲတွေဖြစ်နေကြတော့ လုပ်စားလို့လည်းမရ။ အပြင် ထွက်လို့လည်း မရ။ ဘာမှမရှိလည်း ရွာမှာဆိုရင် ရှာကြံလုပ်စားလို့ ရတယ်။ အခု မတတ်နိုင်တဲ့အဆုံး ဘယ်လိုမှ နေလို့မရတာကြောင့် စစ်ဘေးရှောင် ကယ်ဆယ်ရေး စခန်းရှိတဲ့နေရာကို ပြေးလာကြရတာ။ ကျမတို့ကို နေရေး ထိုင်ရေး စားရေး သောက်ရေး အကူအညီ ပေးစေချင် ပါတယ်” ဟု ပြောသည်။

သရက်ပြင်ကျေးရွာမှ စစ်ရှောင်ထွက်ပြေးလာကြသူများမှာ လက်ရှိတွင် ဘူးသီတောင်မြို့ပေါ် လမ်းမဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိ နေကြပြီး လူဦးရေ ၅ဝ ခန့်ရှိကြောင်း၊ ထိုသို့ ထွက်ပြေးလာသူများအား စာရေးသောက်ရေးနှင့် နေရေးထိုင်ရေးအတွက် မြို့ပေါ်မှ အရေးပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ဆရာတော်များဖြင့် ပူပေါင်းဆောင်ရွက် ပေးလျှက်ရှိကြောင်း ဆရာတော် တစ်ပါးက မိန့်ကြားသည်။

ဘူးသီတောင်မြို့နယ်အတွင်း မြန့်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား အဆက်မပြတ် အပြန်အလှန် တိုက်ပွဲဖြစ်ပွားနေသည်မှာ  တပတ်နီးပါးခန့် ရှိနေပြီဖြစ်ကြောင်း၊ ဒေသခံများ အားလုံး ထွက်ပြေး ာနေကြကြောင်း၊ ဆင်သေမူဆလင်ရွာတွင်လည်း တစ်ယောက်မကျန် ထွက်ပြေးသွားကြကြောင်း ဒေသခံများက ပြောကြားသည်။

ယနေ့တွင်လည်း ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာကျေးရွာမှ အိမ်တစ်ချို့မီးလောင်နေသည်ကို အဝေးက မီးခိုးလုံးများ အဆက်မပြတ်တင်လာသည်ကို ကြည့်၍  မြင်ရကြောင်း ဒေသခံများက ပြောကြားသည်။

ဆက်စပ် သတင်းများ