စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ပေါက်တောမြို့ပေါ်ထိ စစ်ဘေးရှောင်များခိုလှုံလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.3k

ဆောင်းဇာခြည်
နိရဥ္စရာ၊ စက်တင်ဘာ ၆/၂ဝ၁၉

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဖြစ်နေသည့် မြို့နယ်များမှ စစ်ဘေးရှောင် များသည် တိုက်ပွဲမရှိသည့် မြို့နယ်တစ်ခုဖြစ်သည့် ပေါက်တောမြို့ထိ ခိုလှုံလာကြသည်ဟု သတင်းရရှိသည်။

ပေါက်တောမြို့ပေါ်သို့ ခိုလှုံရန်ရောက်ရှိနေသည့်  စစ်ဘေးရှောင် လူဦးရေမှာ ၂ဝဝ ခန့်ရှိပြီး ၎င်းတို့ကို ဘဝမ်းကျောင်းတွင် နေရာ ချပေးထားသည်ဟု သိရသည်။

၎င်း စစ်ရှောင်များမှာ မြောက်ဦးမြို့နယ် မြိုချောင်းနှင့် ပေါက်ပင်ကွင်းကျေးရွာ၊ မင်းပြားမြို့နယ် ပန်းမြောင်းနှင့် တောင်ဘုတ်ကေကျေးရွာ၊ မြေပုံမြို့နယ် ယောချောင်းကျေးရွာနှင့် ရွာသာယာကျေးရွာတို့မှဖြစ်ကြသည်။

ဘဝမ်း စစ်ဘေးရှောင်စခန်းမှ ဘဏ္ဍာထိန်း ဦးသောကြာဦးက “စားဝတ်နေရေးက အရမ်းအခက်ခဲ ဖြစ်နေပါတယ်။ အိမ်သာလည်း အဓိကပေါ့နော်။ ဒီစစ်ရှောင် ၂ဝဝ  လောက်မှာမှ အိမ်သာက ၃ လုံးပဲ ရှိပါတယ်။ အဖွဲ့အစည်းတွေက လာရောက် ကူညီ လှူတာတွေလည်း မရှိပါဘူး။ ကျွန်တော်တို့ အဖွဲ့လိုက် ရပ်တိုင်းရွာတိုင်းက အလှူခံပြီး စားဝတ်နေရေးအတွက် လုပ်ပေးနေကြရပါတယ်”ဟု  ပြောသည်။

၎င်းစစ်ဘေးရှောင်များမှာ သြဂုတ်လ ၁၉ ရက်နေ့က ပေါက်တောမြို့ ဘဝမ်းဘုန်းတော်ကြီးကျာင်းသို့  စတင် ရောက်ရှိ ခြင်းဖြစ်ပြီး ဒေသအတွင်းမှ စေတနာရှင်များ၏ အကူအညီဖြင့် နေ့စဉ် စားသောက်ရေးကို ဖြေရှင်းနေကြရသည်ဟု  သိရသည်။

မြောက်ဦးမြို့နယ် မြိုချောင်းကျေးရွာမှ ဒေါ်အေးဝင်းလှက “အတတ်နိုင်ဆုံး ကိုယ့်အိမ်မှာပဲ နေချင်တာပေါ့နော်။ ဒီမှာ နေရတာက စားဝတ် နေရေးက အစ အဆင်မပြေပါဘူး။ ဒါတောင် ကျောင်းကိစ္စတစ်ခု ပူပင်စရာမလိုဘူး။ အနီးနားက ကျောင်းတွေမှာ ကလေးတွေကို ဒီက လူကြီးတွေက ကျောင်းထားပေးထားကြပါတယ်။ အဓိကက စားဝတ်နေရေးပဲ အခက်ခဲ ဖြစ်နေတာပါ”ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် လုံခြုံရေးစိုးရိမ်ရမှုနှင့် အလုပ်အကိုင်များ လုပ်ကိုင်၍  မရတော့သဖြင့် ထွက်ပြေးလာကြခြင်း ဖြစ်သည်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင် ၆  သောင်းခွဲခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။   

ဆက်စပ် သတင်းများ