အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

လူပေါင်း ၇ဝဝ ကျော်ရှိသည့် အထက်မြတ်လှဲ မြိုတိုင်းရင်းသားစစ်ဘေးရှောင်စခန်း ရိက္ခာပြတ်လပ်တော့မည်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.4k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ၁၂/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲ မြိုတိုင်းရင်းသား စစ်ဘေးရှောင် စခန်းတွင် ဆန်ရိက္ခာ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု စခန်းတာဝန်ရှိသူများက ပြောကြားသည်။

စခန်းကော်မတီဝင် ဦးကျော်လှထွန်းက “ အစိုးရဆီက ဆန်မရတာ တစ်လလောက်ကြာနေပါပြီ။ CSO လူမှုရေး အဖွဲ့တွေကလည်း မရောက်တာ တစ်လလောက်ရှိပါပြီ။ အခုက အလွန်ဆုံး သုံးရက်စာလောက်ဘဲ ရိက္ခာဆန် စခန်းမှာ ရှိပါတော့တယ်” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။ 

အထက်မြတ်လှဲ စခန်းတွင် မြိုတိုင်းရင်းသား လူဦးရေ (၇၅၇)ဦး ရှိပြီး တစ်ပတ်လျှင် ဆန်အိတ်(၈၄)အိတ်၊ တစ်လလျှင် ဆန်အိတ်(၃ဝဝ) ခန့် လိုအပ်ကြောင်း၊ လက်ရှိ ကယ်ဆယ်ရေး စခန်းတွင် ဆန်အိတ် (၃ဝ)ခန့်သာ ကျန်ရှိတော့ကြောင်း၎င်းက ပြောကြားသည်။

အစိုးရအဖွဲ့မှ ယခင်က တစ်ဦးလျှင် ကျပ် (၃ဝဝ)နှုန်းနှင့် ဆန်ပေးခဲ့ပြီး ယခုမပေးသည်မှာ ၂ လ၊ ၃လခန့် ရှိနေပြီးဟု ကယ်ဆယ်ရေးစခန်း တာဝန်ရှိသူများက ပြောသည်။

အထက်မြတ်လှဲ ကယ်ဆယ်ရေးစခန်းက ဦးအောင်လှရွှေက “ အရင်တုန်းကတော့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ICRC ၊  WFP တို့က လာပြီးတော့ ထောက်ပံ့ကူညီကြပါတယ်။ အခုတော့ မရောက်တာ တလကျော်သွားပါပြီ။ ဘာကြောင့်ဆိုတာ မပြော နိုင်ဘူး။ကျနော်တို့က တောမှာလည်း လားလို့မရ။ တောင်ကိုလည်း တက်လို့မရ။ တောတောင်ကို သွားရှာ စားရင်လည်း ခဏခဏ မိုင်းတွေပေါက်နေတာဆိုတော့ မသွားရဲဘူး။ ဒီမှာရှာစားဖို့ကလည်း ဒေသမကျွမ်းလို့ ပြင်ပ အလုပ်တွေ လုပ်ဖို့ အဆင်မပြေဘူး” ဟု ပြောသည်။

၎င်းစစ်ဘေးရှောင် ရွာသားများသည်ပုဏ္ဏားကျွန်းမြို့နယ် ပညာကြီးရွာ၊ သဲဝ၊ ငစရိုင်းကိုင်း၊ ခမောင်း၊ ပြိန်းချောင်း၊ ကင်ဘိ၊ မီးကျောင်းခုတ်၊ ပုလဲကိုင်း၊ ဆင်သီ၊ အဝပြင်စသည့် ကျေးရွာ (၁၁) ရွာမှ မြိုတိုင်းရင်းသားများ ဖြစ်ကြပြီး  မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အကြား တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့်  အထက်မြတ်လှဲကျေးရွာသို့ ထွက်ပြေးလာကြသူများ ဖြစ်ကြသည်။

ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးသူ စစ်ဘေးရှောင် အရေအတွက်မှာ လက်ရှိ အချိန်တွင် ခုနှစ်သောင်း နီးပါးရှိနေပြီဟု သိရသည်။

ဆက်စပ် သတင်းများ