ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မြေပုံမြို့နယ်တွင် စစ်ဘေးရှောင် ၁၃ဝဝ ကျော်ရှိ၊ နောက်ထပ် ၂ဝဝ ကျော် ထပ်မံ ထွက်ပြေးခိုလှုံလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.1k

စိုးဇံအောင်
နိရဥ္စရာ၊အောက်တိုဘာ ၃/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ ၁၃ဝဝ ကျော်ရှိပြီး နောက်ထပ် ၂ဝဝကျော်လည်း မြို့ပေါ်ကို ထွက်ပြေးခိုလှုံလာကြသည်ဟု သတင်းရရှိသည်။

မြေပုံမြို့နယ်မှ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ”မြေပုံမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဘက် စစ်ပွဲတွေကြားထဲမှာလေ။ ဒီကျွန်တော်တို့ ယိုးဆနွင်းကိစ္စတွေဖြစ်ပြီးတဲ့နောက်မှာ။ အဲဒီဖြစ်ပွားခဲ့တာ ခုဆိုရင် တော်တော်လေးကြာခဲ့ပြီပေါ့နော်။အဲဒီ တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာ ဒေသခံပြည်သူတွေက မနေချင်ဘဲ မြို့ကို ပြောင်းရွှေ့လာတာတွေ ရှိပါတယ်” ဟု စစ်ဘေးရှောင်တိုးများလာသည့်ကိစ္စနှင့် ပတ်သက်ပြီး နိရဥ္စရာသို့ပြောသည်။

မြေပုံမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၁၃ဝဝ ကျော်ရှိနေပြီ ဖြစ်ကြောင်းလည်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ဆက်ပြောသည်။

ယခုရက်ပိုင်းအတွင်းတွင်လည်း စစ်ဘေးရှောင်ပြည်သူ ၂ဝဝ ကျော် မြို့ပေါ်သို့ ထပ်မံ ထွက်ပြေးခိုလှုံလာကြသည်ဟု မြေပုံမြို့နယ်လုံးဆိုင်ရာ စစ်ဘေးဒုက္ခသည်ကူညီထောက်ပံ့ရေး ကော်မတီထံမှ သိရသည်။

ထွက်ပြေးလာကြသူများမှာ မြေပုံမြို့၊ မြို့မကုသနာရုံ ကျောင်းတွင် စစ်ဘေးရှောင်ဦးရေ ၈ဝ ဦး၊ တောင်ကျောင်း ပရိယတ္တိ စာသင်တိုက်၌ ၁၆၇ ဦး၊စုစုပေါင်း စစ်ဘေးရှောင်ဦးရေ ၂၄၇ ဦး ခိုလှုံရောက်ရှိနေကြောင်း မြေပုံမြို့နယ်လုံးဆိုင်ရာ စစ်ဘေးဒုက္ခသည် ကူညီ ထောက်ပံ့ရေး ကော်မတီမှ ကိုအောင်မြင့်သိန်းက နိရဥ္စရာသို့ပြောသည်။

ထိုသို့ ထွက်ပြေးခိုလှုံလာသူများမှာ ယိုးချောင်း၊ယိုးဆနွင်း၊မီးကျောင်းတက်နှင့် ချုံချောင်းကျေးရွာများမှ ရွာသားများဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရက်ပိုင်းအတွင်း ရွာတွင်မနေရဲတော့သည့်အတွက် ထွက်ပြေးခုံလှုံလာ ခြင်းဖြစ်ကြောင်းသိရသည်။

“လက်ရှိ အခြေအနေကတော့ မြို့ပေါ်ရောက်တယ်ဆိုတော့ခါ မြို့လုံးကျွတ်ရဲ့ စည်းလုံးညီညွတ်မှုနဲ့အားနဲ့ တော့ လတ်တလော ဖြေရှင်းနေပါတယ်။သူတို့အတွက်အခက်အခဲဆိုတော့ လတ်တလောမှာတော့ မရှိသေးပါဘူး”ဟု ကိုအောင်မြင့်သိန်းက ပြောသည်။

မြေပုံမြို့နယ်တွင် ယိုးချောင်းဒေသရှိ ယိုးဆနွင်းကျေးရွာအနီးတွင် မြန်မာ့တပ်မတော်နှင့် AA တို့သည် စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရသည်။

နှစ်ဝက်စာမေးပွဲနီးချိန်တွင် တိုက်ပွဲဖြစ်ပွားနေသည့်အတွက် မြေပုံမြို့နယ်ရှိ စာသင်ကျောင်း ၅ ကျောင်းအား ယာယီပိတ်ထားရ ကြောင်းလည်း သိရသည်။

(Photo by Vscm)

ဆက်စပ် သတင်းများ