စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ရွာပြန်လာသူများသေနတ်ပစ်ခံရ၊ သရက်ပြင်ရွာသား၁ဝဦးခန့် ရွာထဲပိတ်မိနေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.8k

ချစ်အိလှိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၆ /၂ဝ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စိုင်းတင်တံတားအနီး တည်ရှိသည့် သရက်ပြင်ကျေးရွာသားများသည် အောက်တိုဘာ ၅ ရက် နံနက်အစောကြီးက ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ရွာကို စွန့်ခွာထွက်ပြေးကြပြီး  ယနေ့ အောက်တိုဘာ ၆ ရက် နံနက် ၇ နာရီက ရွာသို့ ပြန်လာစဉ်  ရွာဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားသော စစ်တပ်မှ သေနတ်ဖြင့်  လှမ်းပစ်သဖြင့် ကြောက်လန့်ကာ ဘူးသီးတောင်မြို့ပေါ်သို့ ထွက်ပြေးခဲ့ရသည်ဟု သတင်းရရှိသည်။

“ရွာထဲဝင်တာနဲ့ ဘုန်းကြီးကျောင်းကနေ စစ်သားတွေ သေနတ်တွေနဲ့ပစ်ပါတယ်။ကျွန်မတို့ကို ပစ်တာပါ။ ကျွန်မတို့လည်း ပြန်ထွက်ပြေးလာခဲ့ရပါတယ်။ အခု ဘူးသီးတောင်မြို့ပေါ်က လမ်းမ စစ်ဘေးရှောင် စခန်းကို ရောက်နေပါတယ်”ထွက်ပြေးလာသူ သရက်ပြင်ကျေးရွာမှ အမျိုးသမီးတစ်ဦး နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

၎င်းတို့သည့် အောက်တိုဘာလ ၅ ရက်နေ့ နံနက်အစော ညဉ့် ၂ နာရီက ရွာအနီး လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်သံများကြားရသဖြင့် သရက်ပြင်ရွာသားများမှာ ရွာတွင်မနေရဲတော့ဘဲ နီးစပ်ရာ ရွာသစ် (ရေချမ်းပြင်) မူဆလင် ကျေးရွာသို့ ထွက်ပြေးခဲ့ကြရသည်ဟု ပြောဆိုသည်။

၎င်းအထဲမှ ကျေးရွာလူကြီး တစ်ဦးဖြစ်သူ ဦးကျော်လှ (၆၇) နှစ်နှင့် ရွာသား ၁၁ ဦးတို့သည် ယနေ့နံနက် ၇ နာရီကျော်က ရွာထဲသို့ ပြန်ဝင်စဉ် သေနတ်ဖြင့် အပစ်ခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုသို့ ကျေးရွာသားအများအပြား ရွာကို ပြန်လာ၍ မရသဖြင့် ဘူးသီးတောင် လမ်းမကျောင်းသို့ သွားရောက် ခိုလှုံနေကြသော်လည်း ရွာထဲတွက် အနည်းဆုံးရွာသား ၁ဝ ဦးခန့် ကျန်နေခဲ့ပြီး အဆက်အသွယ်မရ ဖြစ်နေသဖြင့် စိုးရိမ်နေကြသည်ဟု သရက်ပြင်ကျေးရွာမှ လူကြီးတစ်ဦး ပြောကြားသည်။

ရွာထဲတွင် ကျန်နေခဲ့သူများထဲတွင်ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးဖြစ်သူ မတင်အေးဆန်းနှင့် ယောကျ်ားဖြစ်သူ အောင်စံသိန်း၊ ဒေါ်မရွှေသိန်းနှင့် သား ၂ ဦး၊ ဒေါ်လုံးမ(ခ) ဒေါ်သာစိန်ဖြူ၊ ဒိုင်းနက်လူမျိုး ဦးမောင်ထွန်း၊ ဦးထွန်းစိန်အောင်( စိတ်မနှံ့သူ)၊ ဦးမောင်လုံး၊ ဦးထွန်းသိန်းမျှ၊ ဦးမောင်သိန်းထွန်း (နာမကျန်းဖြစ်နေသူ) တို့ ဖြစ်ကြသည်ဟု ၎င်းကျေးရွာလူကြီးက ပြောသည်။

“ သူတို့နဲ့အဆက်အသွယ်မရတော့ အရမ်းစိုးရိမ်နေကြတယ်။ ရွာမှာကျန်နေတာလား၊ မဟုတ်ရင် အနီးအနားက ရွာတွေကို ထွက်ပြေးသွားကြပြီလား။ တစ်ချို့ကတော့ ထွက်မပြေးနိုင်တဲ့ အတွက် ရွာမှာ ကျန်နေခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ အခု လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ အကြောင်းကြားထားပါတယ်။ ICRC ကိုတော့ အကြောင်းကြားတာမရှိသေးပါဘူး” ဟု ၎င်းက ပြောကြားသည်။

ထိုအထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး မတင်အေးဆန်းနှင့် ယောကျ်ားဖြစ်သူ အောင်စံသိန်းတို့မှာ တစ်နေ့ရှာမှ တစ်နေ့စားရသော လက်လုပ်လက်စားဖြစ်ကြပြီး ဖုန်းလည်း မရှိသဖြင့် ဆက်သွယ်ရန် ခက်ခဲနေသည်ဟု ၎င်း အရပ်လူကြီးက ပြောကြားသည်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကလည်း ကျေးရွာသားများအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရသည်ဟု ရွာသားများ၏ တိုင်ကြားချက်အရ  ကြားသိရကြောင်း၊ ရွာထဲတွင်လူတစ်ချို့ ပိတ်မိနေသည်ဟု သိရကြောင်း ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းရာ“အဲဒီဘက်မှာ တိုက်ပွဲဖြစ်တာမရှိဘူး။ပစ်ခတ်တာလည်း မရှိဘူး။ မနေ့ကတောင် သရက်ပြင်ရွာက ရွာသားတွေပိတ်မိနေတယ် ဆိုလို့ ဒီဘက်ကို လာချင်တယ်လို့ ပြောတဲ့အခါမှာ ကျွန်တော်တို့ကလာခဲ့ ဖုံညိုလိပ်တံတားကစောင့်ပြီး လိုအပ်တဲ့ဟာတွေ အကုန်လုပ်ပေးမယ်ဆိုပြီးပြောတယ်။ အဲဒါကို ဖုံညိုလိပ် တံတားက မလာဘဲနဲ့ စိုင်းတင်ချောင်းဘက်ကနေ ဘူးသီးတောင်ဘက် သွားကြတယ်” နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

သရက်ပြင်ကျေးရွာ မှထွက်ပြေးလာသူ ရွာသားများသည် ဘူးသီးတောင်မြို့ လမ်းမကျောင်းတိုက်တွင် ခိုလှုံနေကြကြောင်း သိရသည်။

ဆက်စပ် သတင်းများ